
ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အမှတ်(၃၄၄) အမြောက်တပ် (အမတ- ၃၄၄) အနီးရှိ သီတာကုန်းပြင်ဆေးရုံကို စစ်ကောင်စီတပ်များက ပိတ်ဆို့လိုက်ပြီး ပြင်ပလူနာဝင်ထွက်ခွင့်ကိုပါ တားမြစ်လိုက်ကြောင်း သိရသည်။
ကုန်းပြင်ဆေးရုံတွင် ဒဏ်ရာရရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုသာ ဆေးဝါးကုသမှုခံယူခိုင်း ထားပြီး ပြင်ပလူနာဝင်ထွက်ခွင့်ကို တားမြစ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
“ရေကြည်ဘက်မှာ တိုက်ပွဲပြင်းထန်လာတော့ ငါးသိုင်းချောင်းမြို့ပေါ်မှာ စစ်ဆင်ရေးတွေလုပ်လာတယ်။ ခံစစ်ပြင်တယ်။ ညဘက် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ မီးသတ်စုပေါင်းပြီး လှည့်ကင်းပတ်တယ်။ ရပ်မပေးတဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို သေနတ်နဲ့လှမ်းပစ်တယ်။ အဲဒါတွေလုပ်နေပါတယ်”ဟု ရေကြည်ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငါးသိုင်းချောင်းမြို့ရှိ လူနာတင်ယာဉ်များ၊ အာယုပါလကူညီရေးအသင်းကားများကို စစ်ကောင်စီက ၂၄ နာရီအဆင်သင့်ပြင်ခိုင်းထားပြီး လိုအပ်၍ခေါ်ယူပါက အမြန်ဆုံးရောက်လာရန် ညွှန်ကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၃ ရက်နေ့မှစ၍ ရေကြည်မြို့နယ်အတွင်းရှိ ရဲစခန်းများ၊ အုပ်ချုပ်ရေးပိုင်းများကို စစ် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ရဲတပ်ဖွဲ့အပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး၊ ထွေအုပ်ရုံးတို့ မှ အသင့်အနေအထားဖြင့် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ရန်အတွက် မြို့နယ်အတွင်း ကားလေး စီး ဖြင့် သွားလာ လှုပ်ရှားနေကြောင်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်ထံမှ သိရသည်။
အမြောက်တပ် ၃၄၄ ၏ အဓိက ကာကင်းအမြောက် တပ်စုတစ်ခုသည် ပုသိမ်-မုံရွာလမ်းမှ တစ်ရွာပြီး တစ်ရွာတပ်ဆုတ်လာရာ ယမန်နေ့ မတ် ၂၅ ရက်တွင် သီတာကုန်းပြင်ကျေးရွာအနီးရှိ အေးရိပ်သာ တောရဘုန်းကြီး ကျောင်းအထိ တပ်ဆုတ်အထိုင်ချနေကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။
အမြောက်တပ် ၃၄၄ မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေမှုကြောင့် အနီးဝန်းကျင်ရှိ ကုန်းပြင်၊ ကျောက်ခဲချောင်ဘက်ရှိ ဒေသခံများ ကြိုတင်စစ်ဘေးရှောင်နေကြကြောင်း သိရသည်။
ထိုသို့စစ်ရှောင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သိရှိသွားပါက ပြန်လည်ခေါ်ယူကာ ဒေသခံများအား စစ် ဘေးမရှောင်ရန်ပြောကြားခြင်း၊ လူငယ်များကို စစ်မှု ထမ်းရန်ခေါ်ဆောင်ခြင်း၊ နေအိမ်အတွင်း ကတုတ် ကျင်း၊ ဗုံးခိုကျင်းများမတူးရန် တားမြစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ငါးသိုင်းချောင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ တောင်ဝှေးထောက်၊ ဘုရားကုန်း၊ သရက်ချောင်းကျေးရွာများတွင် ကတုတ်ကျင်းများတူးကာ ခံစစ်အတွက် ပြင်ဆင်နေပြီး ဒေသခံများ စစ်ရှောင်နေကြသည့်အတွက် ယနေ့ မတ် ၂၆ ရက် နေ့လယ်ပိုင်းတွင် ငါးသိုင်းချောင်း ရေနံ့သာလမ်း ပိုင်းကို စစ်ကောင်စီက ယာယီပိတ်ဆို့ထားကြောင်း သိရသည်။
#ဧရာဝတီ #ရေကြည် #သီတာကုန်းပြင် #ဆေးရုံ #စစ်ကောင်စီ #ပိတ်ဆို့ #လက်နက်ကြီး #ရမ်းသန်းပစ်ခတ် #Ayeyarwaddy_Times