ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းယူထားသည့် ရှမ်းမြောက်၊ နောင်ချိုရှိ စခန်းကုန်းနေရာများကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာပြီး ပိတ်ဆို့ထားကြောင်း သိရသည်။

နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးရှိ မကျီးရေတိမ်ပင်လယ်အပါအဝင် တောင်ခမ်းအနီးရှိ အမြောက်တပ်နှစ်ခုကိုပါ TNLA က လက်လွှတ်လိုက်ရပြီး စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း သိရသည်။

“နောင်ချို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်တပ်က ချီတက်လာပြီးတော့ လက်နက်ကြီး ဒရုန်းတွေနဲ့ ပစ်လို့ လမ်းဘေးရှိတဲ့ အိမ်တွေအကုန်ပြာကျကုန်တယ်။ သူတို့(စစ်တပ်)ဝင်လာရင် အကုန်ဖျက်ဆီးခံရမှာမို့ ဒေသခံတွေလည်းပြေးဖို့ ပြင်နေကြပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အမြောက်တပ်နှစ်ခုကို ပြန်လည်သိမ်း ယူပြီးနောက် နောင်ချိုမြို့နယ်တစ်ခုလုံးကို ထိန်းချုပ် နိုင်ရန်အတွက် လက်နက်ကြီး၊ လေကြောင်းပစ်ကူနှင့် ဒရုန်းများပါသုံး၍ မြေပြင်ထိုးစစ်ကို အရှိန်မြှင့်လာခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက်တွင်သာမက ‌ရှမ်းတောင်၊ ရပ်စောက်၊ ကျောက်ဂူဘက်မှနေ၍ အင်အားရာချီသုံးကာ နောင်ချိုမြို့ကို ပြန်ရရေးအတွက် စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်လာခြင်းဖြစ်ကြောင်း စစ်ရေး သတင်းရင်း မြစ်ထံမှ သိရသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာခြင်းကြောင့် နောင်ချို-တောင်ခမ်း-အုမ္မသီးကျေးရွာဘက်တွင် နေ့စဉ်တိုက် ပွဲများဖြစ်ပေါ်နေကာ လက်နက်ကြီးကုန်းဖြစ်သည့် တိမ်ပင်လယ်ဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။

ယမန်နေ့ မတ် ၂၅ ရက်နေ့က တောင်ခမ်းဒေသရှိ ‌နောင်လိုင်၊ မဲပုပ်နှင့် နောင်ချိုလေးကျေးရွာများကို စစ်ကောင်စီက ထပ်မံထိန်းချုပ်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲများကြောင့် နောင်ချိုမြို့နယ်အတွင်းရှိ အုမ္မသီးလမ်းခွဲ ဆိုင်းခေါင်း၊ ရေမောင်းတန်း၊ ကံကော်၊ နားခေါ်ရွာများမှ ဒေသခံ ၂၀၀၀ နီးပါး စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကောင်စီသည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး နောင်ချိုမြို့ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် မြို့ကိုဝိုင်းပိတ်ဆို့ထားသည့်အတွက် လက်နက်ကြီးရန်နှင့် လေကြောင်းရန်တို့ကို ဒေသခံများက အထူးစိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ထားသည့် လက်ရှိစစ်ရေးအခြေအနေနှင့် ပတ်သက်၍ TNLA က ထုတ်ပြန်ထားခြင်းမရှိပေ။

ပုံစာ-တောင်ခမ်းရွာအနီး မကျီးရေတိမ်ပင်လယ်တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #ပိတ်ဆို့ #ထိုးစစ်ဆင် #တိမ်ပင်လယ် #တပ်စခန်းပြန်သိမ်း #Ayeyarwaddy_Times