
ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
ရခိုင်ပြည်နယ်ရှိ စစ်ရှုံးလာသည့် မြို့နယ် ၁၄ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်တွေမြို့သို့ ပို့ဆောင်ကာ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။
မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြားမြို့နယ်များမှ စစ်ရှုံး၍တပ်ပျက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့တော်စစ်တွေသို့ အစုလိုက် အပြုံလိုက်ပို့ဆောင်ထားကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
“စစ်တွေနဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မြို့နယ်နဲ့ကျေးရွာတွေကို စစ်တပ်က လေကြောင်းနဲ့ဒရုန်းသုံးပြီး တိုက်ခိုက်နေတယ်။ စစ်တွေမြို့ထဲမှာလည်း တင့်ကားနဲ့ သံချပ်ကာကားတွေ သုံးပြီးစစ်ရေးပြကင်း လှည့်နေတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေတပ်နယ်မှ ကြည်းတပ်အင်အားအချို့ကို ကျောက်ဖြူသို့ပို့ဆောင်ထားရာ စစ်တွေတွင် ခြေလျင် ခြေမြန်တပ်ရင်း အင်အား ၁၄၀၀ ခန့်ရှိနေပြီး တပ်ပျက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထပ်မံပို့ ဆောင်လိုက်သည့်အတွက် စစ်တွေတွင် အင်အား ၂၀၀၀ မှ ၃၀၀၀ ကြား ခံစစ်ပြင်ဆင်သည့် အနေအထားရှိနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
အာရက္ခတပ်တော် (AA) သည် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်နားအထိ ထိုးစစ်ဆင်တိုက်ခိုက်လာပြီး စစ်ကောင်စီက ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောအနီးကို ဒရုန်းများ၊ ပေါင် ၅၀၀ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာရှိ ဘုန်း ကြီးကျောင်းကို ယမန်နေ့ မတ် ၂၅ ရက် ည ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ သုံးဦးသေဆုံးပြီး ၁၄ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်တွေမြို့ကို AA ထိုးစစ်ဆင်လာမည်ကို စိုးရိမ်ပြီး ရွှေမင်းဂံ၊ စက်ရိုးကျ၊ စစ်တွေပွိုင့်၊ ပေါက်တောမြစ်ဝ၊ ဦးရဇ်တောင်မြစ်ဝ၊ ရေချမ်းပြင် စသည့်နေရာများတွင် ရေတပ်မှ စစ်သင်္ဘော ၁၀ စီးထက်မနည်း အထိုင်ချထားကြောင်း သိရသည်။
ထို့အပြင် စစ်ရှုံးသွားသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို စစ်တွေမြို့သို့ပြောင်းရွှေ့ထားပြီး နပခလုပ်ငန်းစဉ်များကို စစ်တွေမှ ကွပ်ကဲလှုပ်ရှားမှု ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်တွေဒကစအနီး ကျားမသောက်စစ်ဆေးရေးဂိတ်၊ စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်၊ ရေချမ်းပြင် စစ်ဆေးရေးဂိတ်၊ ပါဒလိတ်စစ်ဆေးရေးဂိတ်တို့တွင် လက်နက်ကြီး အမြောက်များနှင့်အတူ ကြည်းတပ် ကိုအင်အားဖြည့် စစ်ရေးပြင်ထားကြောင်း သိရသည်။
လက်ရှိတွင် စစ်တွေမြို့၌ AAနှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်နေကြပြီး ဒရုန်းဗုံးများသုံးကာ လက်နက်တိုက်ပွဲဆင်နွှဲနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ-မောင်တော နယ်ခြားစောင့်စခန်းများမှနေ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ ဧပြီ ၂၅ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ်
#ရခိုင် #တပ်ပျက် #စစ်ကောင်စီတပ် #စစ်တွေ #အင်အားဖြည့်ပို့ဆောင် #Ayeyarwaddy_Times