ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် မတ် ၂၄ရက်နေ့က ငွေသားနှင့် ရွှေထည်အချို့ ကောက်ရခဲ့သည့် လူငယ်များမှ ပိုင်ရှင်ကိုလိုက်ရှာပြီး ပြန်ပေးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

GSM ဖူဆယ်ကွင်းတွင် ဘောလုံးကစားနေသည့် ကိုနိုင်လင်းဇော်နှင့်လူငယ်ရှစ်ဦးသည် ငွေသား ၁၁ သိန်းကျော်နှင့် ရွှေထည်များပါ၀င်သော အိတ်ကိုကောက်ရခဲ့ပြီး ပိုင်ရှင်များသိအောင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့ပြီး ပိုင်ရှင်ကိုပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ရိုးသား​တဲ့လုပ်ရပ်ဖြစ်လို့ မော်ကျွန်းမြို့သား လူငယ်တွေကိုတော့ လေးစားဂုဏ်ယူစရာပါ”ဟု မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါအိတ်ပိုင်ရှင်များသည် နယ်မှဈေးဝယ်လာသည့် အမျိုးသမီးကြီးနှစ်ဦး၏အိတ်ဖြစ်ပြီး ဈေး၀ယ်လာစဥ် ကျပျောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အိတ်တွင်ပါ၀င်သောပစ္စည်းများကို မှန်ကန်အောင်ပြောဆိုနိုင်သောကြောင့် အိတ်ကို ပြန်လည်ပေးအပ်ရာတွင် ငွေကြေးအချို့ပေးသော်လည်း ကောက်ရသည့် လူငယ်များက လက်မခံခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်များ၏ လုပ်ရပ်နှင့်ပတ်သတ်ပြီး ဒေသခံများမှ လူမှုကွန်ယက်တွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ၀င်ရောက်ကြည့်ရူသူများမှ ချီးကျူးကာ ပြန်လည်မျှဝေသူ များပြားနေသည်။

ဓာတ်ပုံ- လူမှုကွန်ရက်
#မော်လမြိုင်ကျွန်းမြို့ # ပိုက်ဆံနှင့်ရွှေထည်များ #ကောက်ရသည့်လူငယ်များ #ပိုင်ရှင်ရှာပြီးပြန်ပေး
#Ayeyarwaddy_Times