
ဧရာဝတီတိုင်းမ်
(လှိုင်းဘွဲ့)၊ မတ် ၂၆ ရက်
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ထဲ ရှိ စစ်ကောင်စီ၏ နှစ်ပေါင်း ၃၀ ကျော်ကြာ သက်တမ်းရှိ ခလယ်ဒေး စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က ယမန်နေ့မတ် ၂၅ ရက်နေ့တွင် စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ခလယ်ဒေးစခန်းကို ပြီးခဲ့သည့် မတ်၂၂ ရက်နေ့မှ စတင်ကာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ် ၂၅ ရက်နေ့တွင် KNLA တပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီးကာ စခန်းအားစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါခလယ်ဒေးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ် ဦး၏ ရုပ်အလောင်း အပြင် ပွိုင့်-၅ တစ်လက်၊ ပွိုင့်-၅ ပြောင်း နှစ် ချောင်း၊ ၆၀-မမ အရှည် တစ်လတ် အတို တစ် လက်၊ RPG-7 တစ် လက်၊ MA-2 သုံး လက်၊ Jammer တစ် လုံး၊ မိုင်းများ၊ ကျည်တောင့်များ စသည့် ခဲယမ်းအများအပြား နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ ကြောင်းသိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ နှစ် စင်းဖြင့် ပေါင်၅၀၀ ဗုံး လေး လုံး၊ Y-12 ဖြင့် ဗုံး ၃၆ လုံး ခန့် ပြန်လည်ကြဲချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခလယ်ဒေးစခန်းကို လွန်ခဲ့သည့် ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ပြီး ဒေသခံပြည်များမှာလွတ်လပ်စွာ လှုပ်ရှား သွားလာခွင့် နေထိုင်စားသောက်ခွင့်များ ကန့်သတ်ခံခဲ့ရကြောင်းလည်း သိရသည်။
ဒေသခံများ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိနိုင်ရေးကို ရည်ရွယ်ပြီး KNLA တပ်မဟာ(၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း-၁၉၊ ၂၁၊ ၂၂၊ ၂၄ တို့မှ ပူးပေါင်းကာ အဆိုပါ ခလယ်ဒေးစခန်းကို စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
ပုံစာ – ခလယ်ဒေးစခန်းမှ သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ
#လှိုင်းဘွဲ့ #ခလယ်ဒေးစခန်း #တပ်မဟာ၇ #စခန်းသိမ်းရရှိ #KNLA #Ayeyarwaddy_Times