(ငဖဲ)၊ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းပေါ်ရှိ လိုင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင် ချင်းအမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်သည့် လိုင်ရွာကို ယမန်နေ့ မတ်လ ၂၅ ရက်နေ့၊ နေ့လယ် ၁၂နာရီ၊ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်၏ နတ်ရေကန် ဗျူဟာကုန်းမှ ဒရုန်းတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာထဲမှာ ဗုံးသီး ခုနှစ်လုံးလောက် ကြဲချသွားပါတယ်။ တခြားရွာက စစ်ဘေးရှောင်တဲ့ အရပ်သားတစ်ဦးက ဗုံးထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက် ရွာသားတစ်ဦးလည်း ဗုံးစထိမှန်ပြီး လက်တစ်ဖက် ကျိုးသွားပါတယ်” ဟု ငဖဲမြို့နယ်ချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူသည် ပဘဲကျေးရွာမှ လိုင်ကျေးရွာသို့ စစ်ဘေးရှောင်သည့် အသက် ၄၀ ကျော်အရွယ် ဦးရွှေသိန်းဖြစ်ပြီး လက်တစ်ဖက်ကျိုး ထိခိုက်ဒဏ်ရာရရှိသူသည် လိုင်ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမိုင်ခန်း တို့ဖြစ်သည်။

အလားတူ ယမန်နေ့၊ နေ့လယ်တွင်လည်း စစ်ကောင်စီတပ်၏ နတ်ရေကန် ဗျူဟာကုန်းအနီးတဝိုက် တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစ်စီးနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

“လိုင်ရွာမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ တဆက်တည်းမှာပဲ နတ်ရေကန်ဘက်မှာလည်း တိုက်ပွဲဖြစ်တဲ့နေရာတွေကို လေကြောင်း ဗုံးကြဲသွားပါတယ်။ အဲဘက်မှာ ချင်းရွာတွေလည်းရှိတယ်။ ထိခိုက်မှုအခြေအနေ မသိရသေးဘူး။ ပျက်စီးမှုတော့ ရှိန်ုင်တယ်။ ဖုန်းလိုင်းတွေ အင်တာနက်တွေ ဖြတ်တောက်ခံထားရတယ်” ဟု ငဖဲမြို့နယ် ဒေသခံချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် နတ်ရေကန် ဗျူဟာကုန်းတွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် အမ်း-ပဒါန်း ကားလမ်းပေါ်ရှိ ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့များ ခိုအောင်းနေသည်ဟု စွပ်စွဲချက်နှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရန် ငဖဲမြို့ စစ်ကောင်စီအရာရှိများက ညွန်ကြားထားကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံက သတင်းထွက်ပေါ်လာသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#အမ်း #ပဒါန်းလမ်း #လိုင်ကျေးရွာ #ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် #စစ်ဘေးရှောင် #ချင်းအမျိုးသားတစ်ဦးသေဆုံး #တစ်ဦးဒဏ်ရာရ #Ayeyarwaddy_Times