ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ မတ် ၂၆ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာ ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ စခန်းကို ယမန်နေ့ မတ် ၂၅ ရက်၊ နံနက် ၂ နာရီ ဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရိုးမစစ်ကြောင်း(၂)၊ အထူးကွန်မန်ဒိုတပ်ရင်းထံမှ သိရသည်။

တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု လေး နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး စစ်ကောင်စီတပ်အရာရှိ ဇနီး တစ်ဦးလည်း သေဆုံးခဲ့ကာ အဆိုပါနေ့တွင်ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်းလည်း သိရသည်။

“စခန်းသိမ်းတိုက်ပွဲတော့မဟုတ်ပါဘူး။ ရွာတွေကို လက်နက်ကြီး၊ ဒရုန်း‌လေယာဥ်တွေနဲ့ အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်နေလို့ ယောကျာ်းခြင်း ဒီလိုတိုက်ကွလို့ လုပ်ပြလိုက်တာလေးပါ။ ပါးပါးလေးပါ” ဟု ပဲခူးတိုင်းတာဝန်ရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ G-3 တစ်လက်၊ လက်နက်ငယ် ကျည်‌တောင့်များနှင့် စစ်အသုံး အ‌ဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်မှ လေယာဥ်ပစ်ကူများ၊ လက်နက်ကြီးများ အပြင် စစ်ကူများဖြင့် အပြင်းအထန် ခုခံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစခန်းကို စစ်ကောင်စီက ထပ်မံ အင်အားဖြည့်တင်းထားကြောင်းလည်း သိရသည်။

တိုက်ပွဲအတွင်း အမှတ်(၃၇၀၂) တပ်ရင်း မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး အခြားတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ရှိကြောင်း သိရသည်။

အဆိုပါခတိုက်ခိုက်မှုကို ဗျူဟာ(၂၅) တိုင်းစစ်ဌာန(ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ-၂၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း-၉ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း
#ကျောက်တံခါး #တိုက်ပွဲ #စစ်ကောင်စီစခန်း #PDF #KNLA #AyeyarwaddyTimes