
ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မယင်းကူးအုပ်စုအပိုင် ကြံလဟာကျေးရွာ၊ ကုလားစုကျေး ရွာ၊ မယင်းကူးကျေးရွာတို့တွင် စစ်မှုထမ်းရန် အသက် ပြည့်မီသူရှိသည့် အိမ်ထောင်စုများမှ ငွေကြေး အတင်းအကျပ်ကောက်နေကြောင်း သိရသည်။
ရေကြည်မြို့နယ်အတွင်းရှိ မယင်းကူးကျေးရွာ၊ ကျုံတာကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ခိုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုပေါင်းပြီး စစ်မှုထမ်းရန်အသက်ပြည့်သည့် နေအိမ်များမှ တစ်အိမ် ထောင်လျှင် တစ်သိန်းကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
“မြို့နယ်က မဲပေါက်တဲ့သူကို စာအိတ်နဲ့ဆင့်ခေါ်လာရင်လည်း သူတို့လူစားထိုးမယ့် လူကိုပဲထည့် ပေးမယ်။ သင်တန်းမလိုက်ချင်ရင် တစ်အိမ်တစ်သိန်း ပေးကို ပေးရမယ်ဆိုပြီး အတင်းအကျပ် ငွေတောင်းနေကြတာ။ မြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေအကုန်လုံး လက်ဝါးရိုက်ပြီး ငွေတောင်းနေ ကြတယ်” ဟု ရေကြည် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မယင်းကူးကျေးရွာအုပ်စု တစ်စုတည်းတွင်ပင် စစ်မှုထမ်းရန် အသက်ပြည့်မီသူ ၁၅၀ ရှိနေပြီး ရေကြည်မြို့နယ် တစ်ခုလုံးတွင် စစ်မှုထမ်းဆောင်ရန် စာရင်းထည့်သွင်းခံထားရသူ အများအပြား ရှိနေကြောင်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်ထံမှ သိရသည်။
ကျုံတာအုပ်ချုပ်ရေးမှူးဖြစ်သူသည် ကျုံတာရွာမှ ကြံ့ခိုင်ရေးပါတီဝင် ၊ ကျုံပျော် ခလရ ၃၆ မှ စစ်ထောက်လှမ်းရေးတစ်ဦးတို့နှင့် ပူးပေါင်း၍ ဒေသခံများထံမှ ငွေကြေးများကောက်ခံပြီး ကိုယ်ပိုင် ကားများပင် ဝယ်ယူထားကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စစ်ထောက်လှမ်း ရေးများသည် စစ်မှုထမ်းဥပဒေအကြောင်းပြကာ စီးပွားဖြစ်နေကြပြီး ပြည်သူများထံမှ အနိုင်ကျင့်ငွေတောင်းခံမှုများ ဆက်တိုက်ပြုလုပ်နေကြကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်တွင်လည်း စပယ်ရုံအုပ်စုမှ အုပ်ချုပ်ရေးမှုးဖြစ်သူသည် စစ်မှုထမ်းရန် လူစား ထိုးခသိန်း ၂၀၀ ပေးရမည်ဖြစ်ပြီး မပေးနိုင်ပါက စစ်မှုထမ်းရန် လိုက်ရမည်ဟု ခြိမ်းခြောက်ပြော ဆိုမှုများလည်း ရှိသည်။
ရေကြည်မြို့နယ်အပိုင် ဘွဲ့ငူအုပ်စုရှိ ဘွဲ့ရွာ၊ ငပိဆိပ်ရွာ၊ အညာတန်းရွာ၊ ရွာသစ်ရွာတို့တွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအစားထိုးရန် တစ်အိမ်ထောင်လျှင် ကျပ်တစ်သောင်းဖြင့် လစဉ် ကောက်ယူမှုရှိနေကြောင်း သိရသည်။
ပုံစာ-ပြည်သူစစ်မှုထမ်းသင်တန်းတက်ရောက်ရန် စုဆောင်းခြင်းခံရသူများ။
#ဧရာဝတီတိုင်း #ရေကြည် #အုပ်ချုပ်ရေးမှူး #စစ်မှုထမ်း #အကြောင်းပြ #ငွေတောင်းယူ #ကားဝယ်စီး #Ayeyarwaddy_Times