ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ်၂၅ ရက်

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ညင်းထွေးရွာ နှင့် ကျောက်ကညှာ ရွာအကြား ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် လမ်းကင်းယူရန်ထွက်လာသော စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး ဗိုလ်မှူး အပါဝင် ၂၀ ဦး သေဆုံးကာ လက်နက် ငါးလက် ရရှိကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ထံမှသိရသည်။

ရေဖြူမြို့၊ ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်လမ်းကင်း ယူရန် ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မတ် ၂၄ ရက် နံနက် ၉ နာရီ ဝန်းကျင်ခန့်တွင် ညင်းထွေးရွာ နှင့် ကျောက်ကညှာ ရွာအကြားတွင် ကြားဖြတ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” သူတို့ စစ်ကောင်စီတပ်က မနေ့က နံနက် ၅ နာရီလောက် ကတည်းက ထားဝယ်ဖက်ကနေ ဆင်းလာပြီး လမ်းတစ်လျှောက် လမ်းကင်းချထားခဲ့တယ်။ အင်အားက ၂၀၀ လောက်ရှိတယ်ဗျ။ နံနက် ၉ နာရီ ကနေပြီး တိုက်ပွဲစဖြစ်တာ ၂ နာရီ လောက်ကြာတယ်။ ရေဖြူ ဖက်ကနေပြီး ပြည်သူတွေရဲ့ မော်တော်ယာဥ် ၊ သုံးဘီးတွေကို အကာကွယ်ယူပြီး စစ်ကူလာတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြန်ဆုတ်လာခဲ့တယ်။ စစ်ကောင်စီတပ်သားအလောင်းတွေကတော့ ကားလမ်းပေါ်မှာ အပုံလိုက်ပါပဲ့။ သိမ်းဆည်း ရမိတဲ့ လက်နက်တွေက ရေဖြူအခြေစိုက် ခမရ( ၄၀၆) ၊ ခမရ( ၄၀၇) တပ်ရင်း ရဲ့ တံဆိပ်တွေလည်းပါတယ်”ဟု ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ယင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါဝင် ၂၀ ဦး သေဆုံး၍ အများအပြား ဒဏ်ရာရရှိကာ RPG 7 တစ် လက် ၊ MA 4 တစ် လက် ၊ MA 3 တစ် လက် ၊ MA1 နှစ် လက် နှင့် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့အနေဖြင့် အထိအခိုက် မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီ ရဲ့ ကျောက်ကညှာ အခြေစိုက် အမြောက်တပ် အမတ (၃၀၄) တပ်ရင်း နှင့် ဇဟာအခြေစိုက် အမတ (၃၀၂) တပ်ရင်း တို့မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး အများအပြားဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ၏ ဒူရဂစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်လာနိုင်သဖြင့် ပြည်သူ လူထုများ အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက် အလက်များကို လိုက်နာကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)တာဝန်ရှိသူက အသိ ပေးထားသည်။

ဓာတ်ပုံ – ဒူရက စစ်ကြောင်း
#ရေးထားဝယ်ကားလမ်း #လမ်းကင်း #စစ်ကောင်စီတပ် #ကြားဖြတ်တိုက်ခိုက်ခံရ #ဗိုလ်မှူးအပါအဝင် #တပ်ဖွဲ့ဝင်၂၀ဦး #သေဆုံး #လက်နက်၅လက် #Ayeyarwaddy_Times