(ထန်တလန်)၊ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ နေအိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှုများကို ချင်းကာကွယ်ရေးတပ်(ထန်တလန်)က သိမ်းဆည်းကြောင်း ယမန်နေ့ မတ်လ ၂၄ ရက်နေ့တွင် ထုန်ပြန်ထားသည်။

ဒေါက်တာမှုထန်သည် ထန်တလန်မြို့တစ်မြို့လုံးကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ထောက်ခံအားပေးသူဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သူဖြစ်သည့်အတွက် ၎င်း၏ ပိုင်ဆိုင်မှုများကို ယခုကဲ့သို့ သိမ်းယူခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းထားသည့် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မှုများကို တော်လှန်ရေးကာလအတွင်း CDF-Thantlan က လိုအပ်သလို အသုံးပြုသွားမည်ဟု ဆိုသည်။

“အာဏာမသိမ်းခင်တုန်းက ဒေါက်တာမှုထန်ဟာ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ဒေသတွင်း ဖွံ့ဖြိုးလုပ်ငန်းတွေမှာ ဦးဆောင်တက်ကြွပါဝင်သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီ အာဏာသိမ်းပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်ခဲ့တယ်။ စစ်တပ်မီးရှို့လို့ ထန်တလန်မြို့လုံး မီးလောင်ပြာကျသွားတယ်။ ပြည်သူတွေအသက်အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်။ ဒါကြောင့် စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်လို့ ဒဏ်ခတ်တဲ့အနေဲ့ ပြည်သူတွေကိုယ်စား သိမ်းယူတာဖြစ်ပါတယ်။”ဟု CDF-Thantlan တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခု သိမ်းဆည်းထားသည့် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မူများကို နောင်တက်လာမည့် ပြည်သူ့အစိုးရသစ်လက်ထက်တွင် ပြန်ည်လွှဲပြောင်းပေးသွားမည်ဟု CDF-Thantlan က ဆိုသည်။

ဒေါက်တာမှုထန်သည် ယခင်က ထန်တလန်မြို့တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ထားပြီး စီးပွားရေးပြေလည်သူဖြစ်သလို ထန်တလန်မြို့ အချက်ချာကျသည့်နေရာများ နှင့် ကျေးရွာများတွင် ခြံကွက်အများအပြား ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ဟားခါးမြို့ရှိ ဒေါက်တာမှုထန်၏ နေအိမ်နှင့် ခြံဝန်းကို ပြည်သူပိုင်အဖြစ် CDF-Hakha က သိမ်းဆည်းထားသည်။

ထို့အပြင် ဒေါက်တာမှုထန်သည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံထားရသူထဲတွင် ပါဝင်သူလည်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဒေါက်တာမှုထန်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဖြစ်လာခဲ့သည်။

#ထန်တလန်မြို့နယ် #စစ်ကောင်စီအဖွဲ့ဝင် #ဒေါက်တာမှုထန် #ပိုင်ဆိုင်မှုများ #CDFThantlan #သိမ်းဆည်း
#Ayeyarwaddy_Times