(မလေးရှား)၊ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးမြို့တွင် ဖမ်းဆီးထောင်ချခံရပြီး ပြစ်ဒဏ်မှ လွတ်မြောက်လာသည့် အမျိုးသမီးအပါအဝင် မြန်မာနိုင်ငံသား ၈၃ ဦးသည် စစ်ကောင်စီထံ ပြန်ပို့ခံရကြောင်း မလေးရှားရောက်မြန်မာများထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်း နှင့် ၂၀၂၅ နှစ်အစတွင် ဂျိုဟိုးမြို့ရှိ စက်ရုံ နှင့် စားသောက်ဆိုင်တို့တွင် အလုပ်လုပ်ကိုင်နေစဥ် မလေးရှား ရဲတပ်ဖွဲ့၊ လဝကတို့၏ ဖမ်းဆီးခြင်းခံရပြီး လဝက ဥပဒေဖြင့် ထောင်ချခံရသူများဖြစ်သည်။

“ဖမ်းဆီးခံရစဥ် အထောက်အထားအပြည့်စုံ မပြနိုင်လို့ တရားမဝင်နေထိုင်မှု လဝက ဥပဒေနဲ့ ထောင်ချခံရပြီး မြန်မာပြည် ပြန်ပို့ခံရတာပါ။ မနေ့က ပြန်ပို့တဲ့ထဲမှာ အမျိုးသမီးအပါအဝင် စုစုပေါင်း ၈၃ ဦးပါ။ သုံးလ၊ နှစ်လ ပြစ်ဒဏ်ကျခံပြီး လွတ်လာတဲ့သူတွေပါ” ဟု မလေးရှားရောက်မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား ၈၃ ဦးကို ယမန်နေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းတွင် မြန်မာလေကြောင်းလိုင်း MAI ဖြင့် မြန်မာပြည်ကို ပြန်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မလေးရှားနိုင်ငံ အကျဥ်းထောင်အသီးသီးတွင် လဝက ဥပဒေဖြင့် ဖမ်းဆီးထောင်ချခံရသည့် မြန်မာနိုင်ငံသားများကို မြန်မာပြည် စစ်ကောင်စီထံ အမြန်ဆုံး ပြန်ပို့နိုင်ရေးအတွက် မလေးရှား အကျဥ်းထောင်တာဝန်ရှိသူများနှင့် မလေးရှား စစ်ကောင်စီသံရုံးတို့က စီစဥ်ဆောင်ရွက်နေသည်။

“မနေ့ကဆို ဂျိုဟိုးမြို့မှာ မလေးရှား မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင် လာသွားပါတယ်။ အဲ့မှာပဲ ဂျိုဟိုးမြို့မှာ အကျဥ်းကျခံရတဲ့မြန်မာ ၈၃ ဦးကို မြန်မာပြည် စစ်ကောင်စီဆီ ချက်ချင်းပို့တယ်။ တခြားမြို့တွေမှာလည်း အဲလိုပဲ။ အရင်က လဝက ဥပဒေနဲ့ ငါးလ၊ ခြောက်လ လောက် အကျဥ်းကျခံရပြီး မြန်မာပြည်ပြန်ပို့တာ အခုဆိုရင် တစ်လ၊ နှစ်လနဲ့မြန်မာပြည် စစ်ကောင်စီဆီ ပြန်ပို့တယ်” ဟု မလေးရှားရောက်နိုင်ငံရေးတက်ကြွသူ မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မလေးရှား မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းနှင့် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ Pekan Nenas လူဝင်မှု ကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တာဝန်ခံ Mr. M. Yogasanthana Das ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများ မြန်မာပြည်ကို အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ရေးကိစ္စတို့ ဆွေးနွေးခဲ့ကြောင့် မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပြန်ပို့သည့် လူငယ်များကို အဓမ္မစစ်သားစုဆောင်းနေကြောင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်ကာင်စီတပ်သားများက ထုတ်ဖော်ပြောဆိုထားသည်။

#မလေးရှား #အကျဉ်းကျခံ #လွတ်မြောက်လာသည့် #မြန်မာ၈၃ဦး #စစ်ကောင်စီထံပြန်ပို့
#Ayeyarwaddy_Times