
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် တစ်နေ့တခြား စစ်ရှုံး၍ ဆုံးရှုံးနယ်မြေ များနေ သော်လည်း လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောဆိုလာသည်။
စစ်ခေါင်းဆောင်သည် နေပြည်တော်တွင် ယမန်နေ့ မတ် ၂၄ ရက်က ကျင်းပသည့် အမျိုးသားစီမံကိန်း ကော်မရှင် အစည်းအဝေး၌ ထည့်သွင်းပြောဆိုကာ ထိုအတွက် တိုင်းနှင့် ပြည်နယ်အလိုက် လုံခြုံ ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်လိုသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
“လုံခြုံရေးစနစ် ကောင်းမွန်လာပါက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးတက်လာမှာဖြစ်ပြီး အမျိုးသားစီမံကိန်တွေ အောင်မြင်စေရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ လို တယ်” ဟု စစ်ခေါင်းဆောင်က ပြောဆိုကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
မဲစာရင်း အကြောင်းပြ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် ၎င်းတို့ကို ထောက်ခံနေသော နိုင်ငံတချို့၏ အကူအညီဖြင့် နိုင်ငံရေး ထွက်ပေါက်ရအောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပုံဖော်နေ သော်လည်း ဟန်ပြသာ ဖြစ်လာနိုင်ကြောင်း လေ့လာသူတို့က သုံးသပ်ကြသည်။
“ရွေးကောက်ပွဲကတော့ ဖြစ်ဖို့အလားအလာ နည်းမှာပါ။ အထူးသဖြင့် တော်လှန်နယ်မြေတွေမှာ မဖြစ်နိုင်သလောက်ပဲလို့ ယူဆတယ်။ မြို့ပေါ်အနည်းကျဥ်းလောက်ပဲ သူတို့လုပ်နိုင်မယ်” ဟု စစ်ကိုင်းဒေသခံ နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ စစ်မဖြစ်သေးသည့် မြို့နယ် ၉၀ မြို့နယ်သာ ကျန်ရှိတော့ပြီး စစ်အာဏာသိမ်း လေးနှစ်အတွင်း မြို့နယ်ပေါင်း ၂၄၀ မြို့နယ်တွင် တိုက်ပွဲပေါင်း ၅,၉၀၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း BNI-Myanmar Peace Monitor ၏ စီရင်ခံစာအရ သိရသည်။
စစ်ခေါင်းဆောင်ကမူ ယခုလအတွင်း သွားရောက်ခဲ့သည့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်တွင် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ အစောဆုံး ကျင်းပသွားရန် စီစဉ်ထားကြောင်း ပြောဆိုထုတ်ပြန်ထားသည်။
ထို့ပြင် ရွေကောက်ပွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေများ ထုတ်ပြန်နိုင်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် နိုင်ငံရေးပါတီများကို ၎င်းတို့နှင့်အတူ လုံခြုံရေးယူခိုင်းရန် စီစဉ်နေကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်မဖြစ် #မြို့နယ်၉၀ #ဒီဇင်ဘာ #ရွေးကောက်ပွဲ #ကျင်းပမည် #လုံခြုံရေးလုပ်ငန်းများ #စနစ်တကျဆောင်ရွက်ရန် #စစ်ခေါင်းဆောင်ပြော #Ayeyarwaddy_Times