ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ မတ် ၂၅ ရက်

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားလျက်ရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ထံမှ သိရသည်။

မိုးဗြဲအခြေစိုက် ခမရ-၅၀၈ တပ်ရင်းမှ အဓမ္မတပ်သားသစ် စုဆောင်းခံလိုက်ရသည့် စစ်ကောင်စီ တပ်သားသစ်တစ်ဦးသည် MA-1 တစ်လက်နှင့်အတူ အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲထံ အလင်းဝင်ရောက်ခဲ့ပြီး မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားလျက်ရှိကြောင်း အဆိုပါတပ်သားသစ်က MBPDF ကို ပြောကြားခဲ့သည်။

“လက်ရှိမိုးဗြဲအခြေအနေက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးဗြဲမှာတိုက်ပွဲကကြာပြီဆိုတော့ ထိခိုက် ကျဆုံးတွေကတော့များတယ်ပေါ့နော်။ သူတို့က(စစ်ကောင်စီ) ထိခိုက်ကျဆုံးတဲ့ရဲဘော်တွေကို အနောက်ဖက်ကို ဖယ်ခုံဘက်ကို ပြန်ပို့တာရှိတယ်။ နောက်ပြီး တပ်ထဲမှာပဲ မီးသင်္ဂြိုဟ်တာတွေ ရှိတယ် ပေါ့နော်။ ထိခိုက်သေဆုံးမှုများတယ်ဆိုတာ ပြေးလာတဲ့တစ်ယောက်ကနေ ပြောတယ်ပေါ့နော်” ဟု MBPDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့သို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားသစ်ကို ဆုကြေးငွေများ‌ ပေးအပ်ခဲ့ပြီး ဘေးကင်းလုံခြုံသည့် ထိန်းသိမ်းရေးဌာနသို့ လွှဲပြောင်းရန်စီစဥ်ထားကြောင်း သိရသည်။

သုံးလ ဝန်းကျင် ကြာမြင့်နေပြီဖြစ်သည့် မိုးဗြဲတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ် ဦး မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ပြီး KNDF နှင့် အခြားတော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အယောက် ၃၀ ဝန်းကျင် ရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်နေပြီး တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ကျဆုံးခဲ့ရပြီး ပြီးခဲ့သည့် မေ ၂၂ ရက်နေ့ တိုက်ပွဲတွင်လည်း အမှတ်(၈၀၅) တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ် မှ ဒု-ခွဲမှူး ရဲဘော်ငတေ ကျဆုံးခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ – Mobye People Defense Force
#မိုးဗြဲ #တိုက်ပွဲပြင်းထန် #တပ်သားသစ်အလင်းဝင် #MBPDF #Ayeyarwaddy_Times