ဧရာဝတီတိုင်းမ်
မတ် ၂၅ရက်

ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား- ဝါးရှောင်လမ်းရှိ လမြန်ကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

လမြန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ ယမန်နေ့ မတ် ၂၄ရက်၊ မွန်းလွဲ ၂နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဝိုင်းမော်ထဲကို စစ်ကြောင်းထိုးဖို့ စစ်ဆင်ရေးတွေကို မတ် ဒုတိယပတ်လောက်ကတည်းက စစ်တပ်က လုပ်လာတာပေါ့နော်။ မနေ့ကတော့ ထိတွေ့တိုက်ပွဲပြင်းထန်တယ်။ လေကြောင်းက ကြဲဖို့ အထိ လုပ်လာတာ တွေ့တယ်” ဟု ဝိုင်းမော် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ဒေသအခြေစိုက် ခလရ (၅၈) မှနေ၍ လက်နက်ကြီး ပစ်ကူများပေးပြီး လေယာဉ်ဖြင့်လည်း စောင့်ကြည့်ပျံသန်းနေကာ ဒရုန်းများလွှတ်၍ ကင်းထောက် ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် မတ် ၂၁ရက်နှင့် မတ် ၂၂ရက်နေ့ကလည်း လမြန်ကျေးရွာအနီးတွင်ပင် စစ်ကောင်စီနှင့် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့‌သည်။

ထို့ပြင် ဖားကန့်မြို့နယ် လဝါးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA တို့သည် ယနေ့ မတ် ၂၅ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ၍ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။

“ဒီနေ့ နေ့လယ်ထိတိုက်ပွဲပြင်းထန်နေတယ်။ လဝါးဘက်ကို အဖြတ်အသန်းမလုပ်စေချင်ဘူး။ အကုန် ပိတ်မိနေမယ်။ လက် နက်ကြီးတွေနဲ့ပါ ပစ်နေကြတယ်” ဟုကချင်သတင်းရင်းမြစ်က ပြောသည်။

လီဒိုလမ်းမကြီးပေါ်ရှိ လဝါးရွာတွင် ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့မှစတင်ကာ စစ်ကောင်စီနှင့် ပြည်သူ့ စစ်များ ဝင်ရောက်တပ်စွဲ အခြေပြုနေထိုင်နေကြခြင်းဖြစ်ပြီး အဆိုပါကျေးရွာကြီးသည် ဖားကန့်- ကာမိုင်းလမ်းပိုင်းနှင့် မိုးကောင်း- နမ္မတီး- မရန်ကထောင် လမ်းဆုံတွင် တည်ရှိကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်(ပုံဟောင်း)

#ဝိုင်းမော် #ဖားကန့် #စစ်ကောင်စီ #KIA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times