
ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
စစ်ကောင်စီ အာဏာသိမ်းထားသည့် ကာလအတွင်း တီဘီရောဂါဖြစ်ပွားသူ လူနာအသစ် မြင့်တက် လာပြီး မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးပြဿနာသည် တီဘီရောဂါဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
ယမန်နေ့ မတ် ၂၄ ရက်က ကျင်းပသည့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက် ရေးနေ့ အခမ်းအနားတွင် ဒေါက်တာသက်ခိုင်ဝင်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။
တီဘီရောဂါဖြစ်ပွားမှု နှင့် သေဆုံးနှုန်းတို့ကို လာမည့် ၂၀၂၅ ခုနှစ်တွင် သုညရာခိုင်နှုန်းအထိ လျော့ချ ရမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်များတွင် တီဘီလူနာရှာဖွေမှုနှင့် ဆေးကုသမှုလျာထားချက် မပြည့်မီသဖြင့် ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများ တီဘီတိုက်ဖျက်ရေးတွင် ပါဝင်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
” တီဘီရောဂါက ကုသပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခု ဖြစ်လို့ စောစောသိပြီး ကုသရင်ခဏနဲ့ ပျောက်ပါတယ်။ ဆေးစွဲသောက်ရင်ပျောက်တယ်။ ဒါပေမဲ့ ဆေးသောက်လိုက်၊ မသောက်လိုက်ဆိုရင် ဆေးယဉ်ပါးတီဘီဖြစ်သွားနိုင်တယ်။ အချိန်နဲ့ သောက်ဖို့အရေးကြီးတယ်” ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။
ကလေးတီဘီလူနာ ဖြစ်ပွားသူတိုးလာသဖြင့် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေရေးနှင့် တီဘီလူနာ မိသားစုထဲမှ အသက်ငါးနှစ်အောက်ကလေးများ တီဘီရောဂါ မဖြစ်ပွားစေရန် ကာကွယ်ဆေးကျွေးနေ ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီအာဏာသိမ်းထားသည့်ကာလ ၂၀၂၂ ခုနှစ်၌ လူဦးရေ တစ်သိန်းတွင် တီဘီလူနာသစ် ၄၇၅ ဦးရှိပြီး သေဆုံးသူ ၈၀ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) ၏ Global TB Report ၂၀၂၃ အစီရင်ခံစာအရသိရသည်။
အရပ်သားအစိုးရ NLD လက်ထက် ၂၀၁၈ ခုနှစ်၌ လူဦးရေတစ်သိန်းတွင် တီဘီလူနာသစ် ၃၃၉ ဦးနှင့် တီဘီကြောင့်သေဆုံးသူ ၃၉ ရှိကြောင်း Global TB Report ၂၀၁၉ အစီရင်ခံစာအရသိရသည်။
လွန်ခဲ့သောဆယ်စုနှစ် ၂၀၁၅ ခုနှစ်၌ လူတစ်သိန်းတွင် တီဘီလူနာသစ် ၃၆၅ ဦးနှင့် သေဆုံးသူ ၄၆ ဦး ရှိကြောင်းသိရသည်။
လက်ရှိတွင် တီဘီရောဂါရှာဖွေတွေ့ရှိမှုနည်းသည့် ဒေသများတွင် တီဘီရောဂါရှိပြီး ဆေးကုသမှု မရရှိနိုင်သေးသည့် လူနာများရှိသဖြင့် ရှာဖွေဆေးကုသရန်လိုအပ်ကြောင်း စစ်ကောင်စီဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆိုသည်။
စစ်ကောင်စီအာဏာသိမ်းထားစဉ် ကာလအတွင်း ဆေးဝါးများပြတ်လပ်မှု ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ လုံလောက်စွာရရှိခြင်းမရှိမှုတို့အပြင် ပြည်သူ့ကျန်းမာရေးလုပ်ငန်း HIV ၊ တီဘီ ရောဂါနှင့် ငှက်ဖျားရောဂါကာကွယ်ရေးကုသမှုရေးပိုင်းတွင်ကူညီ ပေးနသည့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုး ရေးအေဂျင်စီ ( USAID) ၏ အကူအညီများရပ်ဆိုင်းမှုကြောင့် အခက်အခဲများကြုံ တွေ့နေရသည်။
ဓာတ်ပုံ – The Global Fund၊ US Burmese ၊ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန
#တီဘီရောဂါ #လူနာသစ်တိုး #စစ်ကောင်စီအာဏာသိမ်း #ပြည်သူ့ကျန်းမာရေးပြဿနာ #တီဘီရောဂါကူးစက်မှု #Ayeyarwaddy_Times