ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းတွင် ဆေးဝါးကုသပေးနေသည့် ဒေါက်တာမြစိုးအောင်၏ မိသားစုအပါအဝင် ၁၁ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နှမ်းခါးကျေးရွာကို စစ်ကောင်စီက မတ် ၂၂ ရက်မနက်က ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါက်တာမြစိုးအောင်၊ လေးလသားအရွယ် ကိုယ်ဝန်လွယ်ထားသည့် ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေ နှင့် သားဖြစ်သူတို့ အပါအဝင် လူနာ၊ လူနာစောင့် စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး ခြောက် ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများတွင် ကလေးငယ် ငါးားထိပါဝင်ခဲ့ကြောင်း သိရသည်။

ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့မှာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှု ပေးနေသူများ ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများအား CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုပြီး သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုရရှိရန် ကြိုးစားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီအပါအဝင် ၎င်းတို့၏ လက်ပါးစေကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ အာဏာသိမ်းထားသည့် လေးနှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၆၀၀ ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း ၃၆၅ ခု ထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၃၇ ဦးကို အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ထားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် မတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#စစ်ကောင်စီဗုံးကြဲမှု #သေဆုံးခဲ့သည့် #ဆရာဝန်မိသားစု #ပြည်သူများအတွက် #ဝမ်းနည်းကြောင်း #NUG #ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန် #ဒေါက်တာမြစိုးအောင် #လေးလသားအရွယ် #ကိုယ်ဝန်လွယ်ထားသည့် #အထက်တန်းသူနာပြု #ဒေါ်ခိုင်နှင်းဝေ #Ayeyarwaddy_Times