
ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ တုံးတောရွာ ခံစစ်စခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
လေးမျက်နှာနှင့် ရခိုင်ရိုးမအစပ်ရှိ ပုသိမ်-မုံရွာကားလမ်းဘေး စက်စက်ယိုရွာနှင့် တုံးတောရွာတို့တွင် ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့မှစတင်ကာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက မတ် ၁၉ ရက်နေ့တွင် ၎င်းတို့တပ်စွဲနေရာယူထားသည့် တုံးတောကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယမန်နေ့ မတ် ၂၃ ရက် ညနေပိုင်းအချိန်တွင် တုံးတော ကျေးရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ထိန်းချုပ်နိုင်ခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“တုံးတောကညစခန်းကို သိမ်းပြီးပြီ။ ရွာချင်းစပ်နေရာတော်တော်များများမှာ တိုက်ပွဲဖြစ်နေတုန်းပဲ။ လက် နက်ကြီး လက်နက်ငယ်သံတွေကတော့မပြတ်ဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ လေးမျက်နှာမြို့နယ်များတွင် တိုက်ပွဲပြင်း ထန်နေပြီး စစ်ကောင်စီက စက်တပ်လေထီးများဖြင့် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
“တုံးတောရွာခံစစ် ရန်သူ့လက်ကျပါပြီ။ ရန်သူတပ် ပေါင်းစုတွေဟာ ဒရုန်းတွေအသုံးပြုတိုက်ခိုက်ပြီးနောက် မြေပြင်ထိုးစစ်ဆင်လာတာပါ။ မိမိဘက်က အကျအဆုံးများပါတယ်”ဟု မြေပြင်စောင်ကြည့် စစ်တပ်ထောက်ခံသူတစ်ဦးက ၎င်း၏တယ်လီဂရမ်တွင် ဖော်ပြထားသည်။
လေးမျက်နှာမြို့နယ်ရှိ ဝတ်ကုန်း၊ တုံးတော၊ ချင်းလယ်နှင့် ဝါးတောကွင်း ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးနေသည့်အတွက် ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။
ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ လက်ပံပင်ရွာနှင့် နဂါးရစ်ဘုန်းကြီးကျောင်းကြား မြေနီတောင်အနီးတွင် စစ်ကောင်စီ၏ ကြားခံစစ်စခန်းတစ်ခု အခြေပြုရန် မတ် တတိယပတ်အတွင်းက ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီသည် လေးမျက်နှာမြို့နယ်အတွင်းနှင့် ရခိုင်ရိုးမအစပ်ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် သင်္ချိုင်းကုန်းများတွင် ဝင်ရောက်တပ်စွဲအခြေပြုနေထိုင်နေကြပြီး လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းအန္တရာယ်ကို သတိပြုကြရန် ဒေသခံများကို နှစ်ဖက်တပ်ဖွဲ့များက သတိပေးထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၂၀ ရက်နေ့က ဧရာဝတီနှင့် ရခိုင်ရိုးမအစပ်ရှိ သစ်ပုတ်ကွင်း၊ သက်ကယ်ပြင်၊ ညောင်အိုင်ကျေးရွာများသို့ ပေါင် ၅၀၀ ဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။
#ဧရာဝတီတိုင်း #လေးမျက်နှာမြို့နယ် #တုံးတောရွာ #ခံစစ် #ပူးပေါင်းအဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times