
ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်
ဧရာဝတီတိုင်း၊ မြောက်စမ်း အမှတ်(၃၄၄)အမြောက်တပ် (အမတ-၃၄၄) ၏ အဓိက အမြောက်တပ် စုများသည် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုကြောင့် နေ့စဉ် နောက်ဆုတ်နေရကြောင်း သိရသည်။
ရေကြည်မြို့နယ် အမတ ၃၄၄ အနီးရှိ စစ်ကောင်စီ၏ အဓိက အမြောက်စခန်းတစ်ခုသည် ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရပြီးနောက် လက်ပံပင်ရွာသို့ အမြောက် များပြောင်းရွှေ့ကာ နောက်ဆုတ်ထားရကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ပြင်းထန်လာသဖြင့် မတ် ၂၂ ရက် ညနေပိုင်းတွင် လက်ပံမှ သီတာကုန်းပြင်ရွာအစပ်ထိ ထပ်မံတပ်ဆုတ်ခဲ့ရကြောင်း သိရသည်။
“ရိုးမတောင်ခြေမှာရှိတဲ့ ရွာတွေက ဒေသခံတွေ အကုန် စစ်ဘေးရှောင်နေကြပြီ။ အမြောက်တပ် နောက်ဆုတ်လာတဲ့ ရွာတွေမှာလည်း ပြည်သူတွေမနေရဲတော့ဘူး။ ဒဏ်ရာရတဲ့ စစ်သားတွေကို ဖောကားအပြည့်နဲ့ပုသိမ်-မုံရွာလမ်းအတိုင်း သယ်သွားတာ တွေ့ရတယ်”ဟု ဧရာဝတီသတင်းရင်းမြစ်က ပြောသည်။
ထို့သို့ တစ်ရွာချင်းတပ်ဆုတ်လာရသည့် အမြောက်တပ်စုသည် ယမန်နေ့ မတ် ၂၃ ရက်နေ့တွင် ပန်းတောကြီးကျေးရွာ ဘောလုံးကွင်းအတွင်း အခြေပြုတပ်စွဲထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက တိုက်ပွဲပြင်းထန်နေသည့် ဧရာဝတီနှင့် ရခိုင်ရိုးမအစပ်ရှိ ကျေးရွာများကို ဗုံးကြဲ တိုက်ခိုက်ဖျက်ဆီးနေပြီး လေးမျက်နှာမြို့နယ်တွင် စစ်ရေးပြင်း ထန်နေကာ အနီးနားရွာများမှာ ဗုံးဒဏ်ကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။
ချင်းလယ်၊ ဝါးတောကွင်း၊ ဝတ်ကုန်း၊ တုံးတောရွာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေ စိုးမိုးမှုယူကာ ထိုးစစ်ဆင်လာပြီး စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲ၍ အပြင်းအထန် ခုခံနေကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)၊Maps
#ဧရာဝတီတိုင်း #မြောက်စမ်း #အမတ၃၄၄ #အမြောက်တပ်စု #တစ်ရွာချင်းနောက်ဆုတ် #Ayeyarwaddy_Times