
ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လာမည့် ဧပြီ ၃ မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်းမ်စတက် (Bay of Bengal Initiative for MultiSectoral Technical and Economic Cooperation-BIMSTEC) ထိပ်သီး အစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း ထိုင်းသတင်းဌာန PBS တွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၆) ကြိမ်မြောက် ဘင်းမ်စတက် အစည်းအဝေးကို ဧပြီ ၂ ရက်မှ ၄ ရက်နေ့ထိ ရှန်ဂရီလာ ဘန်ကောက်ဟိုတယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ဘင်္ဂလားပင်လယ်အော် ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွား ရေးပူးပေါင်း ဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြု မှုအစီအစဉ် (BIMSTEC) က ထုတ်ပြန်ထားသည်။
ဘန်ကောက်တွင်ကျင်းပမည့် ဘင်းမ်စတက် အစည်းအဝေးကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့်ရမည်ဖြစ်သောကြောင့် ၎င်းအာဏာ သိမ်းယူခဲ့ပြီး လေးနှစ်ကျော် ကာလအတွင်း ထိုင်းနိုင်ငံတွင် ပထမဆုံးတက်ရောက်ခွင့်ရသည့် အစည်းအဝေး ဖြစ်လာမည်ဖြစ်သည်။
ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများထိပ်သီးအစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ်နရန် ဒရာမိုဒီနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက် မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြထားသည်။
ယင်းအစည်းအဝေးတွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့ဝင် နိုင်ငံများအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
တောင်အာရှနှင့် အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့် အရှေ့အာရှဒေသသို့ ဆက်သွယ်ပေါင်းကူးနိုင်ရေး အတွက်၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဘင်းမ်စတက် အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အဖြစ် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ဘူတန်နှင့် နီပေါနိုင်ငံတို့ပါဝင်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်သည် မကြာမီရက်ပိုင်းအတွင်းက ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးစီမံကိန်းများစွာ လက်မှတ်ရေးထိုးထားသည်။
ဓာတ်ပုံ – MOI, ဘင်းမ်စတက်
#ဘင်းမ်စတက် #ထိပ်သီးအစည်းအဝေး #ဘန်ကောက် #စစ်ခေါင်းဆောင် #တက်မည် #Ayeyarwaddy_Times