ဧရာဝတီတိုင်းမ်
မတ် ၂၄ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွပ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မအူပင်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIAတို့သည် ယမန်နေ့ မတ် ၂၃ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြစ်ကြီးနား အသွားဘက်က ရွာတွေဘက်ကို စစ်ကြောင်းရွှေ့တယ်ပြောပါတယ်။ လဝါးဘက်ကို ဗုံးတွေပါကြဲတယ်။ ဖားပြင်ဘက်ထိ သတင်းတွေကြားနေရပါတယ်” ဟု ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်းခွဲကာ ဝင်ရောက်စစ်ကြောင်းထိုးလာပြီး လဝါးရွာတွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၂၂ရက်နေ့က မြစ်ကြီးနား- ဖားကန့်လမ်းပိုင်းရှိ လဝါးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ပြီး စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်း ဝင်ရောက်လာကာ တပ်စွဲနေထိုင်နေခြင်းကြောင့် ဒေသခံများထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ကျောက်ဖျာရွာဘက်တွင်လည်း စစ်ကောင်စီတပ် နှင်ိ့ KIA တို့ နှစ်ဖက်ထိတွေ့မှုရှိပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ပုံစာ- KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#ဖားကန့် #စစ်ကောင်စီ #စစ်ကြောင်းထိုး #KIA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times