
(ကလေး)၊ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် တော်လှန်ရေးရံပုံငွေနှင့် လက်နက်ကိုယူဆောင်ကာ စစ်ကောင်စီထဲပူးပေါင်းသွားသည့် PDF ရဲဘော်သည် တစ်ပျူစောထီးတို့၏ လုပ်ကြံခြင်းခံရကြောင်း ဒေသခံများထံက သိရှိရသည်။
လုပ်ကြံခံရသူသည် ပြည်သူ့ကာကွယ်ရေးတပ်(ကလေး) မှ ရဲဘော် ကိုဇင်ကိုဦးဖြစ်ပြီး မတ်လ ၂၁ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ဘုန်းကြီးကျောင်းဝိုင်းတွင် ပျူစောထီးတစ်ဦး၏ ပစ်သတ်ခံရခြင်းဖြစ်သည်။
“ပျူစောထီးတွေ တပ်စွဲထားတဲ့ မင်္ဂလာဥယျာဥ် ဘုန်းကြီးကျောင်းဝန်းထဲမှာ ပါးစပ်ထဲ သူကိုသူ သေနတ်နဲ့ ပစ်သတ်သွားတာလို့ သတင်းဖြန့်တယ်။ အမှန်တော့ မဟုတ်ဘူး။ ပျူစောထီးတစ်ဦးက ဗိုက်ကို သေနတ်နှစ်ချက်နဲ့ပစ်သတ်လိုက်တာပါ။ သေတာလည်း ဗိုက်မှာအပစ်ခံရတဲ့ဒဏ်ရာနဲ့သေတာပါ။ အခင်းဖြစ်တဲ့နေရာကို အဲ့နေ့က ဘယ်သူမှသွားခွင့်မပေးပဲ ပိတ်ထားတယ်။ ကျတော်တို့လည်း နောက်မှသိရတာပါ” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသည့် ရုပ်အလောင်းကို ကလေးမြို့ ရင်ခွဲရုံသို့ ပို့ဆောင်ပြီး ၎င်း၏ မိသားစုဝင်ထံ အလောင်းမပေးသလို အကြောင်းကြားခြင်းလည်း မရှိဘဲ ညတွင်းချင်း ပျူစောထီးနှင့် စစ်ကောင်စီတပ်တို့က ပြင်သာသင်္ချိုင်းတွင် သဂြိုလ်လိုက်ကြောင်း သိရသည်။
ကိုဇင်ကိုဦးသည် ၂၀၂၃ ခုနှစ်တွင် ပြည်သူများ လှူဒါန်းထားသော တော်လှန်ရေး ရံပုံငွေ သိန်းတစ်ထောင်နီးပါးနှင့် သေနတ်တစ်လက်ကိုယူကာ ကလေးမြို့ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ထံ ပူးပေါင်းသွားသည့် PDF (ကလေး) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။
#ကလေးမြို့#တော်လှန်ရေးရံပုံငွေ #စစ်ကောင်စီထံပူးပေါင်း #PDFရဲဘော်တစ်ဦး #လုပ်ကြံခံရ #Ayeyarwaddy_Times