ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်နှင့် ရိုးမအစပ်တွင် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် စစ်ဘေးရှောင်နေသည့် ဒေသခံများကို ပြန်မလာပါက နေအိမ်များ ချိပ်ပိတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း ဒေသခံများထံက သိရသည်။

တိုက်ပွဲမဖြစ်ပွားသေးသည့် ကျေးရွာအုပ်စုများတွင် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး ဘာသာရေး အဆောက်အဦများနှင့် လူနေအိမ်များအတွင်းသို့ပါ ဝင်ရောက်နေထိုင်မှုကြောင့် ဒေသခံများ ရှောင်တိမ်းထွက်ပြေးနေရကြောင်း သိရသည်။

“လူမရှိတဲ့ နေအိမ်တွေမှာ သူတို့တက်နေကြတော့ စစ်ဖြစ်လာရင် သူတို့အကာအကွယ် မဲ့မှာစိုးလို့ အစည်းအဝေးခေါ်ပြီး ဒေသခံတွေကို ပြန်ခေါ်နေတယ်”ဟု လေးမျက်နှာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ် ၂၀ ရက်နေ့က စစ်ကောင်စီတပ်သားများမှ အစည်းအဝေးပြုလုပ်ပြီး နေအိမ်စွန့်ခွာထွက်ပြေးသူများ ပြန်မလာပါက နေအိမ်များကိုချိပ်ပိတ်မည်ဟု ခြိမ်းခြောက်၍ အုပ်ချုပ်ရေးပိုင်းကို ဖိအားပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်စက်ယို၊ ချင်းလယ်၊ တုံးတောရွာဘက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း မှ ဗုံးကြဲခြင်းအပြင် ဒရုန်းဗုံးများဖြင့်ပါ အပြင်းအထန် တိုက်ခိုက်နေသည်ဟု ဒေသခံများက ဆိုသည်။

အမြောက်တပ် အမတ ၃၄၄ နှင့် ဝန်းကျင်ရွာများမှလည်း ဒေသခံများ စစ်ဘေးရှောင်နေရကာ စစ်ကောင်စီက ဒေသခံများကို နေအိမ်များအတွင်း ပြန်လည်နေ ထိုင်ကြရန် ဖိအားပေးလျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲပြင်းထန်လာသည့် ရွာများအနီးတွင် တပ်စွဲကာ ဒေသခံများကိုပြန် လည်ခေါ်ယူခြင်း၊ စစ်မှုထမ်းဟောင်းများ၊ ပြည်သူ့ စစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘက်မှ စစ်ကောင် စီ တပ်သားများကိုပါ ရှေ့တန်းပို့ဆောင်ရသည်အထိ စစ်ရှုံးနိမ့်နေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

#ဧရာဝတီတိုင်း #လေးမျက်နှာ #စစ်ဘေးရှောင် #ဒေသခံ #နေအိမ်များ #ချိပ်ပိတ် #ခေါ်ယူ #ခြိမ်း ခြောက်

#Ayeyarwaddy_Times