ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ တုံးတောကျေးရွာကို မတ်လ ၁၉ ရက်နေ့ ည ၁၁နာရိီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲမှုကြောင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ပြီးပြည်သူများထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ဂျက်လေယာဥ်တွေနဲ့ရော စက်တပ်လေထီးတွေနဲ့ရောတောက်လျှောက်ကြဲနေတာ မတ်လ ၁၇ ရက်နေ့ကတည်းက အဲ့ဘက်သူတွေလဲ မြို့ဘက်တွေကိုစစ်ဘေးရှောင်နေတဲ့သူတွေများလာပြီ”ဟု လေးမျက်နှာမြို့ဒေသခံတစ်ဦးမှပြောသည်။

လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်AAပူးပေါင်းတပ်တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယခုဗုံးကြဲခဲ့သော ကျေးရွာအနီးတွင်လည်း မတ်လ ၁၉ ရက်နေ့က တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

တုံးတောကျေးရွာသည် စစ်ကောင်စီအမှတ်(၃၄၄)အမြောက်တပ်နှင့် နှစ်မိုင်အကွာတွင်တည်ရှိသောကြောင့် စစ်ကောင်စီမှလေကြောင်းအသုံးပြုကာ တိုက်ခိုက်ခြင်းဖြစ် နိုင်ကြောင်း ဒေသခံများမှသုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- ရေကြည်မြို့နယ် ပြည်သူ့သတင်းစုံ
#လေးမျက်နှာမြို့နယ် #တုံးတောကျေးရွာ #လေယာဉ်ဖြင့်ဗုံးကြဲ #ဘုန်းကြီးကျောင်း #မီးလောင်ပျက်စီး
#Ayeyarwaddy_Times