ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ မတ် ၂၂ ရက်)

“အသက်တစ်ရာ မနေရ၊ အမှုတစ်ရာ တွေ့ရ” ဆိုတဲ့အတိုင်း ပြဿနာ အမှုကိစ္စတွေကို နေ့စဉ် မြင်နေ ကြားနေ ကြုံနေရပါတယ်။ အလိုမတူဘဲ ကျူးလွန်ကြတဲ့ မုဒိမ်းမှုတွေကလည်း လူမှုပြဿနာအဖြစ် လောကကို အမဲရောင်စွန်းထင်းစေပါတယ်။ သဘောတူညီမှု မပါဘဲ တစ်ဖက်သတ် အတင်းအကျပ် ဖျက်ဆီးတတ်တဲ့ သဘောကြောင့် ကျူးလွန်ခံရသူမှာနစ်နာရပါတယ်။

“အဝတ်အစား အတိုအပြတ်ဝတ်ပြီး မုဒိမ်းကောင်များကို မျှားနေတာလား” ဆိုတဲ့စကားတွေ ကြားလိုက်ရတဲ့အခါတိုင်း မုဒိမ်းမှုကျူးလွန်သူ မုဒိမ်းကောင်ဟာ အဲ့ဒီလို အတိုအပြတ်ဝတ်ဆင် ထားသူမဟုတ်ဘဲ ကျန်တဲ့ အမျိုးသမီးတွေကိုကော ရှောင်ပါသလားလို့မေးချင်ပါတယ်။

မူဒိမ်းမှုကျူးလွန်သူဟာ မြန်မာဝတ်စုံဝတ်ဆင်ထားသူ၊ ယောဂီအဝတ်အစား ဝတ်ဆင်ထားသူ၊ သာသနာ့ ဝတ်စုံဝတ်ဆင်ထားသူ စသည့်ဖြင့် ခွဲခြားနေခြင်းမရှိဘဲ မည်သည့်အမျိုးသမီးကိုမဆို မရှောင်ဘဲ ပြုကျင့်တတ်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ သမီးမိန်းကလေးကို ဆုံးမဖို့လိုသလို သားယောက်ျားလေးများကိုလည်း လူစိတ်ရှိသော ယောက်ျား ကောင်းတယောက်ဖြစ်ဖို့ သွန်သင်ဆုံးမရဖို့လိုပါမယ်။

#မုဒိမ်းမှု

တစ်ဖက်လူ၏ စိတ်ဆန္ဒမပါဝင်ဘဲ လိင်အနိုင်ကျင့်စော်ကားခြင်းကို ကျူးလွန်သူများကို မုဒိမ်းကောင် လို့ခေါ်ဝေါ်ကာ တရားဥပဒေအရ အပြစ်ပေးပြီး နောက်ထပ်ဖြစ်လာမယ့် မတရားမှုတွေ၊ မုဒိမ်းမှုတွေကို တားဆီးရပါတယ်။

မုဒိမ်းမှုကျူးလွန်သူဟာ မည်သူမဆို ဖြစ်နိုင်ပါတယ်။ အလုပ်ကြမ်းသမား၊ အတန်းပညာမတတ်သူများ၊ စစ်သားများသာ မုဒိမ်းကျင့်တတ်သော ရာဇဝတ်ကောင်များမဟုတ်ပါ။ ပညာတတ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ ‌စာသင်သည့်ဆရာများ၊ မီဒီယာသမားများ ဆရာဝန်များ သည်လည်း မုဒိမ်းမှု ကျူးလွန်တဲ့ တရားခံဖြစ်နိုင်ပါတယ်။ အမျိုးတော်စပ်သူများသည်လည်း မိမိ သွေးသားကို ကျူးလွန်နိုင်တယ်ဆိုတာ လက်ခံထားရပါမယ်။

(၁)မိန်းမက အလိုမတူ ငြင်းဆန်ခြင်း။
(၂) မိန်းမက ခွင့်မပြုခြင်း။
(၃) မိန်းမက ခွင့်ပြုသော်လည်း ထိုသို့ခွင့်ပြုရခြင်းမှာ ထိုမိန်းမအား သေစေမည်ဟုသော်လည်း နာကျင်စေမည်ဟုသော်လည်းကောင်း ကြောက်ရွံ့အောင်ပြုသဖြင့် ခွင့်ပြုရခြင်း။
(၄) မိန်းမက ခွင့်ပြုသော်လည်း ယောက်ျားက မိမိသည် ထိုမိန်းမ၏ လင်မဟုတ်ကြောင်း သိသည့်အပြင် ထိုမိန်းမက ခွင့်ပြုခြင်းမှာလည်း မိမိကို ဥပဒေနှင့်အညီလက်ထပ်ထားသော (သို့တည်းမဟုတ်) ထိုသို့လက်ထပ်ထားသည်ဟု ယုံကြည်သော အခြားယောက်ျားဖြစ်သည်ဟု ယုံကြည်၍သာ ခွင့်ပြုကြောင်းကို ထိုယောက်ျားက သိခြင်း။
(၅) မိန်းမက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက်တစ်ဆယ့်‌လေးနှစ်အောက် အရွယ်ရှိသူဖြစ်ခြင်း တို့ကို မုဒိမ်းမှုကျူးလွန်တယ်လို့ သက်မှတ်ရမှာ ဖြစ်ပါတယ်။

ယောက်ျား၏ အင်္ဂါဇာတ်သည် မိန်းမ၏ အင်္ဂါဇာတ်အတွင်း သွင်းဝင်မိလျှင် မုဒိမ်းမှု ကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမစပ်ယှက်မှုမြောက်ရန် လုံလောက်ပြီး ယောက်ျားသည် အသက်ဆယ့်သုံးနှစ်အောက်မဟုတ်သော မိမိ၏မယားနှင့် ကာမစပ်ယှက်ခြင်းမှာ မုဒိမ်းမှုမဟုတ်လို့ သက်မှတ်နိုင်ပါတယ်။

မုဒိမ်းမှု ကို တရားဥပဒေအရ ပုဒ်မ ၃၇၅ ဖြင့် ဖော်ပြထားသည်မှာ လိင်မှုကိစ္စကို လက်မခံဘဲ ငြင်းဆန်ခြင်း၊ ခွင့်မပြုခြင်း အသက်အန္တရာယ်ပြုမည်နာကျင်အောင် ပြုမည်ခြောက်လှန့်၍ ကြောက်ပြီး ခွင့်ပြုရခြင်း၊ ချစ်သူအမျိုးသားပုံစံဟန်ဆောင်ကာ ပုံမှားရိုက်ပြီး ကာမရယူခြင်း၊ အသက်ဆယ့်လေးနှစ် မပြည့်သေးသောအမျိုးသမီးအပေါ် ကျူးလွန်ခြင်း တို့ကို မုဒိမ်းမှုလို့သတ်မှတ်ထားပါတယ်။

အမျိုးသားက အမျိုးသမီးကို ကျူးလွန်ခြင်းကိုသာ မုဒိမ်းမှုအဖြစ် ရှုမြင်ကြပြီး အခြားပြဿနာများကို သဘာဝမဟုတ်သော လိင်အမူအကျင့် (unnatural sexual behavior) လို့ ခွဲခြား သတ်မှတ် အရေးယူခြင်းဟာ ခေတ်မမီတော့ဘဲ ဒိတ်အောက်နေတဲ့ တရားဥပဒေလို့သာ မှတ်ယူရမှာဖြစ်ပါတယ်။

ဆရာဝန်တစ်ဦးရဲ့ အမြင်နဲ့ပြောရရင် မုဒိမ်းမှုကျူးလွန်ခံရသူဟာ အမျိုးသမီးလည်း ဖြစ်နိုင်သလို အမျိုးသားလည်းဖြစ်နိုင်ပါတယ်။ LGBT လည်း ဖြစ်နိုင်ပါတယ်။

အနိုင်ကျင့်ခံရသူမှာ လိင်အမြတ်ထုတ်ခံလိုက်ရခြင်းအပြင် ကျန်းမာရေးနောက်ဆက်တွဲပြသနာများ စိတ်ကျန်းမာရေးနောက် ဆက်တွဲပြသနာတွေကို ကြုံတွေ့ရပါတယ်။

#မုဒိမ်းမှုကိုဆေးပညာရှင်မှစစ်ဆေးခြင်း

ဆေးပညာအသုံးချပြီး မုဒိမ်းမှုကိုစစ်ဆေးသည့်အခါ ထိုးသွင်းဆက်ဆံခံရသောအင်္ဂါမှာ ပွန်းပဲ့ ထိခိုက်တာကို ရှာဖွေ မှတ်တမ်းတင်ရပါတယ်။ ကျောပြင်၊ ကိုယ်လက် အင်္ဂါများတွင် ရုန်းကန်ခဲ့စဉ် ကုတ်ခြစ် ပွန်းပဲ့ ဒဏ်ရာရခဲ့သည်များကို ရှာဖွေရပါတယ်။ ထိုးသွင်းဆက်ဆံခံရသည့် လိင်အင်္ဂါအတွင်း သုတ်ရည်ရှိနေပါသည်ဟု တိကျသေချာစွာ သက်သေပြနိုင်သည့် စစ် ဆေးချက်များ ပြုလုပ်ရပါတယ်။

သုတ်ရည်ရှာဖွေတွေ့ရှိတယ်ဆိုတာက လိင်ဆက်ဆံမှုရှိခြင်းကို တိကျခိုင်မာစွာထောက်ပြနိုင်တဲ့ စစ်ဆေးချက်ပဲဖြစ်ပါတယ်။

အသက်၁၄နှစ်မပြည့်သေးသူကို ပြုကျင့်ပါက သတ်ငယ်မုဒိမ်းမှုမြောက်သောကြောင့် အသက်စစ်ဆေး ဖို့ကိုလည်း ပြုလုပ်ရပါတယ်။

#မုဒိမ်းကျင့်ခံရသူအတွက်ကျန်းမာရေးစောင့်ရှောက်ပေးခြင်း

သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ဝန်းကျင်ရှိလူတစ်ဦးဦး အနိုင့်ကျင့်စော်ကားတဲ့ အခြေအနေမျိုးကို ကြုံလာခဲ့ရရင် မဖြစ်မနေ လုပ်ရမယ့် ကိစ္စတွေရှိနေပါတယ်။ ထိခိုက်နစ်နာသူကို စော်ကား မော်ကားနှိမ့်ချခြင်းမျိုးမပြုဘဲ မေတ္တာထား၍ဆက်ဆံရပါမယ်။

ကျန်းမာရေးအတွက်လိုအပ်သော ကုသမှုတွေ ခံယူရပါမယ်။အဓမ္မပြုကျင့်ခြင်းဆိုသည့်အတိုင်း ကွန်ဒုံး စွပ်နိုင်မည့်အခြေ အနေမျိုး ရှိနိုင်မည်လား။အနိုင်ကျင့်သူက HIVပိုး၊ ကာလသားရောဂါပိုး၊ ဆီးပူ ညောင်းကျ ရောဂါပိုး စသည်ဖြင့် ကင်းရှင်းနေမည်ဟု ယုံကြည်နိုင်မည်လား။

ပြုကျင့်ခံရသူသည် မျိုးဆက်ပွားအရွယ်ရောက်အမျိုးသမီးဖြစ်နေပါက ကိုယ်ဝန်မရရှိရေးကိုလည်း အာမခံနိုင်ပါမည်လား။

ထို့ကြောင့် နစ်နာရသူကို HIV ပိုးကာကွယ်ဆေး PEP ဆေးဝါး၊ အရေးပေါ်သန္ဓေတားဆေးဝါး နှင့် အခြားလိုအပ်သောကုသမှုမှန်သမျှကို ပေးရမည့်အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့လည်း ကူညီပေးရပါမယ်။

#ကျူးလွန်သူကိုအပြစ်မမြင်ဘဲနစ်နာသူကိုအပြစ်တင်ခြင်း

ကျူးလွန်ခံရသူကို အပြစ်တင်ပြောဆိုဝေဖန်ကြသည့် အဆိပ်အတောက်တွေ လူမှုအသိုက်အဝန်းမှာ မဖြစ်အောင် ထိန်းကျောင်းကြရပါမယ်။ လူစိတ်မရှိဘဲ အရိုင်းစိတ်နှင့် ကျူးလွန်သူကို ကာကွယ်ပေး စရာမလိုအပ်ဘဲ တရားမျှတမှုကို ခံရသူအတွက် ပြန်လည်ရှာဖွေပေးရပါမယ်။

မုဒိမ်းကျူးလွန်ခံရပြီး ကိုယ်ဝန်ရသွားတဲ့ မိန်းကလေးကို ရွာပြင်ထုတ် အသိုင်းအဝိုင်းမှဖယ်ရှားခြင်းဟာ လူအဖွဲ့အစည်းအတွက် နုံချာ စက်ဆုပ်စရာကောင်းတဲ့ အယူအဆဖြစ်ပြီး ကျူးလွန်သူကိုအပြစ်မတင်ဘဲ နစ်နာရသူကိုအပြစ်တင်ခြင်း (Victim Blaming) ‌ကို လုံးဝ လုပ်ခွင့်မပေးသင့်ပါဘူး။

မြန်မာပြည်တစ်ခွင်မှာလည်း ယခုထက်ပိုမိုကောင်းမွန်တဲ့ တရားဥပဒေအစီအမံများဖြင့် မုဒိမ်းမှုများကို ကာကွယ်တားဆီးဖို့လိုအပ်နေပါတယ်။ အဓမ္မပြုကျင့်ခံ လူသားများအတွက် ပိုမိုနွေးထွေးသော အကူညီများ ပေးနိုင်စေဖို့ ကြိုးစားရပါမယ်။ မုဒိမ်းကျူးလွန်သူတွေကိုလည်း ပြင်းထန်တဲ့ ပြစ်ဒဏ်များပေးပြီး နှိပ်ကွပ်ဖို့လိုအပ်ပါတယ်။

ဧရာဝတီတိုင်းမ်းပရိသတ်များအားလုံးလည်း မုဒိမ်းမှုအကြောင်းအရာနှင့် ပတ်သက်ပြီး အတွေးအမြင် တစ်ခုခုရရှိသွားမယ်လို့ယူဆပါတယ်။ နောက်တစ်ပတ်မှာတော့ ဆင်ရေယုန် ရောဂါအကြောင်းကို တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြပါဦးလို့ အသိပေးလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အခြွေခံရသောပန်းလေးများ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။