နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

ထိုင်းလွှတ်တော်တွင် ယနေ့ မတ် ၂၂ ရက်မှစတင်၍ ပြုလုပ်နေသည့် ၂ ရက်တာ ဆွေးနွေးပွဲအတွင်း ရွှေ့ပြောင်းအလုပ်သမားများ အရေးကိစ္စ ထည့်သွင်းတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ထံက သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် အဆိုပါနှစ်ရက်တာ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းကစတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပါလီမန် လွှတ်တော်တွင် ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ ပညာသင်ခွင့် ရရှိဖို့၊ အထောက်အထားမရှိတဲ့ အလုပ် သမားတွေကို စစ်ကောင်စီထံ လုံးဝပြန်မပို့ဖို့ တောင်းဆိုဖို့ရှိတယ်” ဟု CRPH၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဦးအာကာမျိုးထက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုင်းလွှတ်တော်၏ ဖိတ်ကြားချက်အရ ထိုဆွေးနွေးပွဲကို CRPH ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စသည့်တော်လှန်ရေး အင်အားစုများ တက်ရောက်နေကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ၊ မြန်မာ့အရေး ကျွမ်းကျင်သူ၊ တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ထိုင်းစစ်တပ် တာဝန်ရှိသူများပါ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းလွှတ်တော် ဆွေးနွေးပွဲ စတင်သည့် ယနေ့တွင်မူ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး၀န်ကြီးက အဖွင့် အမှာစကား ပြောကြား၍ နယ်စပ်ဒေသလုံခြုံရေး စိန်ခေါ်မှု၊ မြန်မာ့အရေးနှင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကိစ္စတို့ကို ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- CRPH (ပေးပို့)
#ထိုင်းလွှတ်တော်ဆွေးနွေးပွဲ #CRPH #မြန်မာရွှေ့ပြောင်းလုပ်သားအရေး #တောင်းဆိုမည် #Ayeyarwaddy_Times