
ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မတ် ၂၁ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ရွာမှ ပျူစောထီးအဖွဲ့များမှ ယနေ့ မတ် ၂၁ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မွန်ပြည်နယ်၊ ကျိုထိုမြို့နယ်၊ ခရွဲရွာမှ ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းတော်ကြီး တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
မွန်-ပဲခူး နယ်စပ် လက်ပန်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ၈၁ မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်တောင်းမြစ်တစ်ဖက်ကမ်းရှိ ခရွဲရွာ မြောက်ကျောင်း ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ဘုရားခန်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးနဲ့ရမ်းပစ်တာပါ။ ပျူစောထီး အောင်ကြီး ရဲ့အိမ်နဲ့ အဲ့ဒီဝန်းကျင်မှာ စစ်ကောင်စီအဖွဲ့တွေနေကြတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် ဝါတော် တစ်လရှိဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး အသက် ၄၀ နှင့် ၅၀ နှစ်အရွယ် အသီးသီးရှိသည့် ဘုန်းကြီး နှစ် ပါးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ပံရွာရှိ ပျူစောထီးခေါင်းဆောင် အောင်ကြီးနေအိမ်သို့ တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် မတ် ၁၈ ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီးနောက် အောင်ကြီး နေအိမ် မှ ယခုကဲ့သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။
ဓာတ်ပုံ – ပေးပို့
#ဝေါ #ကျိုက်ထို #ဘုန်းကြီးကျောင်း #စစ်ကောင်စီ #ပျုစောထီး #လက်နက်ကြီးပစ် #ဘုန်းကြီး #ပျံလွန်တော်မူ #Ayeyarwaddy_Times