နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် စစ်မှုထမ်း စုဆောင်းရာ၌ ငွေကြေးမသမာမှုများကို နိစ္စဓူဝ လုပ်ဆောင်နေသဖြင့် ဖြေရှင်းနေရကြောင်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုလာကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေသည့် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မတ် ၂၀ ရက်က ကလောတပ်နယ်ကို သွားရောက်ပြီး လက်အောက်ခံ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံကာ ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

“ဥပဒေနဲ့မညီ ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း တချို့မှာ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်လာကာ ထိုနိစ္စဓူဝ ပြဿနာကိုလည်း ဖြေရှင်းနေရတယ်” ဟု ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုသည်။

ထို့ကြောင့် လက်အောက်ခံ တပ်ဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းနှင့် ပတ်သက်၍ အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့များ၏ မှားယွင်းသော လုပ်ဆောင်မှုများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြ ဆောင်ရွက်ပေးကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

အာဏာသိမ်းပြီးနောက် တပ်အင်အား ပြုန်းတီးလျော့နည်းလာမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် အရွယ်ရောက်သူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်​က အသက်သွင်း ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆင့်ခေါ်ရေးအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်းပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ စစ်သင်တန်းများ ဖွင့်လှစ်သင်ကြား တာဝန်ပေးလျက်ရှိဟု ဒုခေါင်းဆောင်က ဆိုသော်လည်း မြေပြင်တွင်မူ အတင်းအဓမ္မ စုဆောင်းနေကြောင်း သိရသည်။

“သူတို့တွေ ဘာပြောပြော ယုံကြည်မှုကို မရှိတော့တာ။ မိန်းကလေးတွေကအစ အလွတ်မပေးဘဲ မထင်ရင် မထင်သလို လူငယ်တွေကို နေ့ညမရွေး ဖမ်းဆီးနေတယ်။ ငွေတောင်းလုပ်စားနေကြတယ်” ဟု ရန်ကုန်မြို့နေ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးလာသော စစ်ကောင်စီသည် နိုင်ငံတဝန်း စစ်သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်၍ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေသလို ပြည်ပသို့ ထွက်မပြေးရန်လည်း အမျိုးမျိုးဖိနှိပ် တင်းကြပ်ပိတ်ပင်ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ တပ်အင်အား လိုအပ်မြင့်မားနေ၍ အသက်ပြည့်မီ လူငယ်များအပြင် အရွယ်မရောက်သေးသူ၊ ကျန်းမာရေး မကောင်းသူနှင့် သက်ကြီးပိုင်းများကိုပါ နေရာဒေသမရွေးဘဲ ဖမ်းဆီးစုဆောင်းမှုမှာ အပတ်စဉ် (၁၁)အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်မှုထမ်းစုဆောင်းရာတွင် #ငွေကြေးမသမာမှုများရှိနေကြောင်း#ဒုစစ်
ခေါင်းဆောင်ဝန်ခံ#ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း#
#Ayeyarwaddy_Times