ဧရာဝတီတိုင်းမ်
မတ် ၂၁ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်၌ ကသာမြို့ ခမရ-၃၀၉ မှ ထွက်လာသော စစ်ကောင်စီစစ်‌ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၁၅ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ဦး သေဆုံးကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။

ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းအင်အား (၁၅၀) ခန့်ပါသော စစ်ကြောင်းကို EAOs(KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကြားဖြတ်တိုက်ခိုက်ခံရ၍ စစ်ကောင်စီဘက်မှ (၃၃) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရကာ (၃၁) ဦးကို အရှင် ဖမ်းဆီးရမိ‌ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထံမှ MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

တိုက်ပွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရ‌ကြောင်း သိရသည်။

အဆိုပါ သတင်းကို အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ခြင်းမပြုခင် ပြီးခဲ့သည့် မတ် ၁၇ တွင် “အင်းတော်ကို စစ်ကူရန်တက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ကစဉ့်ကလျား ထွက်ပြေး၊ သေဆုံးသူများရှိပြီး ၃၀ ကျော်အရှင်ဖမ်းဆီးခံရ” ခေါင်းစဉ်ဖြင့် ဧရာ၀တီတိုင်းမ် သတင်းဌာနတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ဓာတ်ပုံ- ပေးပို့
#အင်းတော် #စစ်ကူပို့ #စစ်ကြောင်း #ကြားဖြတ်တိုက်ခံရ #၃၃ဦးသေဆုံး #Ayeyarwaddy_Times