
(ဟားခါး)၊ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး စစ်ကောင်စီတပ်က တပ်တွင်း စစ်ရေးပြင်ဆင်မူများ ဆောင်ရွက်နေကြောင်း ဒေသခံစစ်ရေးသတင်းအရင်းမြစ်ထံက သိရှိရသည်။
MPT နှင့် Atom ဆမ်ကဒ်နှစ်မျိုး အသုံးပြု၍ရသည့် ဟားခါးမြို့တွင် မတ်လ ၁၇ ရက်နေ့မှစ၍ ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ထားပြီး စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေခြင်းဖြစ်သည်။
“စစ်ကြောင်းထိုးဖို့ဖြစ်နိုင်တယ်။ အထူးသဖြင့် ရွာအနီးအနား ဝန်းကျင်တွေမှာ စစ်ကြောင်းထိုးဖို့ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင် ဖလမ်းနဲ့ ထန်တလန်ဘက် စစ်ကူပို့ဖို့လား အဲဒါပဲရှိတယ်။ တပ်ထဲမှာ စစ်ရေးတော့ပြင်ဆင်နေကြတယ်” ဟု ဟားခါးဒေသခံစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုနှစ် ၂၀၂၅ တွင် ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းမရှိဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဟားခါးမြို့နယ်၊ Halta ရွာကို စစ်ကောင်စီ မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ကလေးနှစ်ဦးအပါဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် စီးပွားရေး၊ လူမူရေး စသည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် အခက်ကြုံတွေ့နေရသည်။
“တခြားဒေသတွေမှာ ရောက်နေတဲ့ မိသားစုဝင်တွေနဲ့ ကျန်းမာရေးဖြစ်ဖြစ် အခြား အထွေထွေ ကိစ္စတွေဖြစ်ဖြစ် အဆက်သွယ်လုပ်တဲ့ခါ အတော်လေး ဒုက္ခရောက်တယ်။ တစ်ခါတလေ အရေးကြီးကိစ္စတွေ ဖုန်းနဲ့ဆက်သွယ်ရတာတွေရှိတယ်။ ပြီးတော့ Kpay Wave ငွေလွှဲ၊ ငွေထုတ်တဲ့အခါမျိုးမှာလည်း အင်တာနက်မရရင် ဘာမှလုပ်မရဘူး” ဟု ဟားခါးဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့သည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ကိုးမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းရရှိသည့် တစ်ခုတည်းသောမြို့ဖြစ်ပြီး စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မြို့လည်းဖြစ်သည်။
#ဟားခါးမြို့ #စစ်ကောင်စီတပ် #ဖုန်းလိုင်းများ ဖြတ်တောက်ထား #စစ်ရေးပြင်ဆင်နေ #Ayeyarwaddy_Times