
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ်၂၁ ရက်
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာ တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးကာ လက်နက် သုံးလက် ရရှိကြောင်း ဒူရက စစ်ကြောင်း ထံမှ သိရသည်။
ထားဝယ်မြို့ ၊ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်တွင်တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများ စျေးဝယ်ထွက်ချိန် မတ်လ ၁၈ ရက် နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် လမ်းခုလတ် တစ်နေရာ၌ အသင့်စောင့်ကြို စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျောင်းထဲမှာ တပ်စွဲထားတာက နှစ်ဆယ့်ငါးယောက် သုံးဆယ်လောက်ရှိတယ် ။ဘုရားမဲ စစ်ဆေးရေး ဂိတ်မှာက ဆယ့်ငါးယောက်လောက်ရှိတယ်။ စျေးဝယ်ထွက်တာက ခြောက်ယောက်ပါ။ အဲဒီစျေးဝယ် ထွက်တဲ့ ခြောက်ယောက်ကို အသင့်စောင့်ကြိုပြီးပစ်ခတ်ခဲ့တာပါ”ဟု ဒူရကစစ်ကြောင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလူခါးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံး ဦး သေဆုံးပြီး BA 63 (G3 ) ၂ လက် ၊ BA 64 (G4) ၁ လက် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ၏ ဒူရဂစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများ အရှိန်အဟုန်တိုးမြှင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူလူထူအနေဖြင့် စစ်ရေးသတိရှိစွာ သွားလာနေထိုင်ကြရန်နှင့် စစ်ရေး အရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်သို့ ရပ်တည်လိုကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးပူးပေါင်းကြပါရန် ဒူရက စစ်ကြောင်းက အသိပေး ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ဒူရက စစ်ကြောင်း
#ထားဝယ်နည်းပညာတက္ကသိုလ် #တပ်စွဲ #စစ်ကောင်စီတပ်သားများ #စျေးဝယ်ထွက် #ပစ်ခတ်ခံရ #၃ဦးသေဆုံး #လက်နက်၃လက် #Ayeyarwaddy_Times