ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်းဘေးတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီစစ် ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ရှစ် ဦးသေဆုံးသွားကြောင်း သိရ သည်။

စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင်တပ်ရင်းမှ တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ မတ် ၂၀ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ် ဦးသေဆုံးပြီး ခြောက် ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

“စစ်ရေးဂိတ်ထဲမှာ ပြန်ပြီးလုံခြုံရေးယူနေတဲ့ ကောင်တွေကို တိုက်ခိုက်ခဲ့တယ်။ ပထမနေ့ကလည်း သူတို့ဘက်က သေတဲ့သူကသေ ဒဏ်ရာရတဲ့သူကလည်းများတော့ ဖရိုဖရဲနဲ့ထွက်ပြေးကြတယ်။ တိုက်ခိုက်မှုမှာ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက် မစိုးရိမ်ရဒဏ်ရာရရှိသွားတယ်။ သေတဲ့အထဲ ရဲနဲ့ စခဗိုလ်(စစ်ကောင်စီတပ်အရာရှိ)တစ်ကောင်ပါတယ်”ဟု သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ-၂ မှတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီ ၄၅ မိနစ်ကြာမြင့်ခဲ့ပြီး သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ -၂ ရဲဘော် များမှ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ခုနစ် ဦးသေဆုံးပြီးနောက် တပ်ဖွဲ့ဝင်များ ဖရိုဖရဲဖြင့် အလောင်းကောက် ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သာယာဝတီခရိုင် တပ်ရင်းက ထုတ်ပြန်ထားသည်။

ပြည်သူများအား ဖမ်းဆီးငွေညှစ်နေသည့် စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာထွက်ပြေးသွားကြပြီးနောက် ကာဘိုင်သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်အတောင့် ၂၀၊ စစ်အသုံးအဆောင်အချို့နှင့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်း ရရှိခဲ့ပြီး စခန်းကို မီးရှို့ထားခဲ့သော်လည်း မီးအနည်းငယ်သာ လောင်ကျွမ်းသွားကြောင်း သိရသည်။

ယနေ့ မတ် ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် အဆိုပါ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်၌ ပြန်လည်လုံခြုံ ရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော် လှန်ရေးတပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး လေး ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

သာယာဝတီခရိုင်တပ်ရင်းသည် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် စစ်ကောင်စီနှင့် စစ်ကောင်စီဒေါက်တိုင်များကို အရှိန်မြှင့်တိုက် ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ကြရန် အသိပေးထား သည်။

ဓာတ်ပုံ-သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ -၂
#ပဲခူး #သာယာဝတီ #ရန်ကုန်-ပြည် #ကားလမ်း #စစ်ကွင်းတာဆုံ #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #တိုက်ခိုက် #၃၈၀၂ တပ်ရင်း #Ayeyarwaddy_Times