(ကလေး)၊ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာလေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး နွားသုံးကောင် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေ သုံးနာရီခွဲဝန်းကျင်တွင် ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်း၊ ပြည်တော်သာနှင့် စမိတ်ကွင်း စသည့်ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က တပြိုက်တည်း လေကြောင်းဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်သည်။

“လေကြောင်းကနေ ဗုံးကြဲတယ်။ စက်သေနတ်နဲ့လည်း အဆက်မပြတ် ပစ်ခတ်ပါတယ်။ အရပ်သားတစ်ယောက် ခြေထောက်ထိတယ်။ နွားသုံးကောင် သေတယ်။ ရွာအပြင်ဘက်မှာဆိုတော့ ထိခိုက်မူ ဆိုးဆိုးဝါးဝါးမရှိဘူး” ဟု ကလေးမြို့နယ်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ပံချောင်းကျေးရွာနှင့် ပြည်တော်သာကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီတပ်၏ မကြာခဏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအများစုသည် ကလေးမြို့နှင့် ဘေးလွတ်ရာဒေသသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။

အလားတူ ကလေးမြို့နယ်တောင်ပိုင်း ဟားခါးလေးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေ လေးနာရီအချိန်ဝန်းကျင်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ရွာစာသင်ကျောင်းအနီးတဝိုက်ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်သွားတာပါ။ အဆောက်အဦးနဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်။ အရပ်သားနှစ်ယောက် ဒဏ်ရာရတယ်။ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်တွေ မကောင်းတော့ အသေးစိတ်မသိရသေးဘူး” ဟု ကလေးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်ဖြစ်ပွားသည့် ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ စသည့်စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်သည့်အတွက် ဟားခါးလေးကျေးရွာဒေသခံအများစုသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည်။

ကလေးမြို့နယ်တွင် စစ်ရေးတင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

#ကလေးမြို့နယ် #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #အရပ်သား၃ဦး #ဒဏ်ရာရ #နွား၃ကောင်သေဆုံး
#Ayeyarwaddy_Times