ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်တွင် စစ်ကောင်စီက ဂိတ်စခန်းအချို့ကိုစွန့်ခွာကာ နတ်ရေကန်အနီး စုပေါင်းပြီး ခံစစ်အခြေပြုစခန်းပြုလုပ်ထားကြောင်း သိရသည်။

စာတက်တူဂိတ်နှင့် ကန်တုတ်ဂိတ်များရှိ စစ်ကောင်စီတပ်သားများက စခန်းစွန့်ခွာလိုက်ပြီး နတ်ရေကန်အနီး ဆီဆိုင်တောင်ဘက်ဆိုင်ခန်းများတွင် အင်အားများကိုစုပေါင်းပြီး ပူးပေါင်းဂိတ်ဖွင့်လိုက်ခြင်း ဖြစ်သည်။

“နတ်ရေကန်ကနေ စွန်တက်အထိ စစ်တပ်က အားသာချက်ယူထားတယ် အင်အားဖြည့်လို့ရနေသေးတယ်ပေါ့။ အနားဂိတ်စခန်းတွေကို စွန့်ထားခဲ့ပြီး နတ်ရေကန်စခန်း ကာကင်းပုံစံ အခြေပြုနေကြတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ မတ် ၁၉ ရက်နေ့တွင် ဆုံကုန်းရွာရှိ မစခ ၉၀၅မှ ထွက်လာသည့် အင်အား ၂၀၀ပါစစ်ကြောင်းနှင့် AAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကြောင်း နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။

ယမန်နေ့ မတ် ၁၉ရက်မှ ယနေ့မတ် ၂၀ရက် မနက်ပိုင်းအထိ စစ်ကောင်စီက ဆုံကုန်းရွာအနီးကို လေကြောင်းမှဗုံးကြဲချပြီး ဒရုန်းဗုံးများဖြင့်ပါတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းမြစ်ထံက သိရသည်။

စစ်ကောင်စီက နတ်ရေကန်စခန်းကို လက်နက်ကြီးများတပ်ဆင်၍ ခံစစ်ပြင်ထားသည့်အပြင် မကွေးတိုင်းအတွင်းမှ တပ်ရင်းများဖြင့်ပါ အင်အားဖြည့်တင်းထားသည်။

နတ်ရေကန်မှ ပျဉ်းဝဂိတ်လမ်းပိုင်းတွင် စစ်ကောင်စီက တွေ့သမျှကားများကိုချောဆွဲခေါ်ဆောင်ပြီး ရိက္ခာနှင့် စစ်ကူပို့သည့်နေရာတွင်အသုံးပြုနေကြောင်း ဒေသခံများကပြောသည်။

နတ်ရေကန်စခန်းအနီးကျေးရွာများမှာ အခြေခံစားသောက်ကုန်များ ဝယ်ယူရန်ခက်ခဲလာကြပြီး ပဒါန်းတောင်ဘက်တွင် ကြက်ဥကအစ သယ်ယူခွင့်မပေးကြောင်း သိရသည်။

#ငဖဲ #စစ်ကောင်စီဂိတ် #စွန့်ခွာ #နတ်ရေကန် #ခံစစ်စခန်းပြင် #Ayeyarwaddy_Times