ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ် ၂၀ ရက်

ကရင်နီဒေသတွင် ကရင်နီပြည်ရဲဌာန(KSP) အနေဖြင့် ယခု ‌၂၀၂၅ ခုနှစ် နှစ်စမှ မတ်လလယ်အထိ သုံးလတာကာလအတွင်း မူးယစ်ဆေးဝါးအမှု ၁၁ မှုတွင် WY စိတ်ကြွဆေးပြား ‌လေးသောင်းကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသည့် WY ဆေးပြားများမှာ ၄၂,၃၉၂ ပြားအထိရှိကာ သုံးလတာအတွင်း ဖမ်းဆီး ရမိခဲ့သည့် မူးယစ်ဆေးအမှု ၁၁ ခုတွင် အမှု ခြောက်ခု မှာ ဖြန့်ဖြူးရောင်းချသူများဖြစ်ပြီး ယခင် သုံးနှစ်တာ ကာလအတွင်း မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများ၏ ထက်ဝက်ကျော် များပြားနေ ကြောင်း သိရသည်။

“မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေကိုလည်း ဖမ်းဆီးမိတာလည်းရှိတယ်ပေါ့နော်။ ဥပမာ ပြောရမယ်ဆို အခုဒီ ပထမ သုံး လပတ်မှာ မြေပြင်မှာရှိတဲ့ စခန်း ၁၆ ခုက ဖမ်းဆီးရမိတာ အမှု ၁၁ မှု၊ ခြောက်မှုက ဖြန့်ဖြူးရောင်းချသူတွေ ဖြစ်တယ်။ WY စိတ်ကြွဆေးပြားအရေတွက် ၄၂၃၉၂ ပြား ပေါ့နော်။ အဲ့လောက်ထိဖမ်းဆီးရမိထားတာရှိပါတယ်ဗျ” ဟု ကရင်နီပြည်ရဲဌာန၊ KSP ၏ ဒုရဲချုပ်ဘိုဘို က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်နီပြည်ရဲဌာန(KSP)သည် ကရင်ပြည်ထဲတွင် ရဲဌာန ၁၆ ခုဖြင့် လည်ပတ်နေပြီး မူးယစ်ဆေးဝါး နှင့် တခြား ဒုစရိုက်မှုများကို နှိမ်နင်းနိုင်ရန် ပူးပေါင်းအဖွဲ့များနှင့် ဖွဲ့စည်းထားသည့် Special Task Force များလည်း ရှိကာ သက်ဆိုင်ရာနယ်မြေရှိ ရဲစခန်းများမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရှောင်တခင် စစ်ဆေးခြင်းများ၊ ဖမ်းဆီးခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

“မူးယစ်ဆေးဝါးသုံးစွဲသူအနေနဲ့ကတော့ ဘယ်လောက်အတိုင်းအတာထိရှိတယ်ဆိုတာ ပြောရခက် ပါတယ်။ ကရင်နီပြည် ရဲ စဖွဲ့ပြီးနောက်ပိုင်းကနေ သုံးနှစ်ပြည့်မှာတုန်းကလည်း ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ခုနစ် သောင်းကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာရှိပါတယ်” ဟု KSP ဒုရဲချုပ်ဘိုဘို က ဆိုသည်။

ကရင်နီပြည်ရဲတပ်ဖွဲ့ တည်ထောင်ထားသည့် သုံး နှစ်တာကာလတွင် ရဲတပ်ဖွဲ့မှ အရေးယူထားသည့် မူးယစ်ဆေးဝါးမှုများအနက် တရားရုံးမှ စီရင်ချက်ချထားသည့် မှုယစ်ဆေးဝါးအမှု ၃၈ မှု မှ WYစိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၅၁ ပြားကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဩဂုတ် ၂၅ ရက်‌နေ့က မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်းလည်း KSP ထံက သိရသည်။

ဓာတ်ပုံ – Karenni State Police
ပုံစာ – KSP သုံးနှစ်ပြည့် အခမ်းအနားတွင် ဖမ်းဆီးရမိသည့်မူယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးစဉ်။
#ကရင်နီ #ရဲဌာန #KSP #မူးယစ်ဆေးဝါး #ဖမ်းဆီးရမိ #Ayeyarwaddy_Times