
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေး ရွာနှင့် စက်စက်ယိုကျေးရွာတို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ပုသိမ်သို့ အရေးပေါ်ပို့ဆောင်ရာ လမ်းတွင်ပင် သေဆုံးကုန်ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း ရိုးမတောအနီးရှိ ချင်းလယ်ကျေးရွာဘက်သို့ စစ်ကောင်စီ တပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပို့တုန်းကတော့ ဒဏ်ရာရတွေ အရေးပေါ်အခြေအနေတွေကို ကားတွေနဲ့ပုသိမ်ကို ခေါ်လာတာ။ ဆေးရုံမရောက်ခင် လမ်းမှာတင်သေကုန်လို့ အကုန်ရေခဲတိုက်ထဲပို့ရတယ်။ ထိတွေ့တိုက်ပွဲက ချင်းလယ် အထိရောက်နေပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ချင်းလယ်ကျေးရွာတွင် အခြေချတပ်စွဲထားပြီး ကျေးရွာအတွင်းရှိ ဒေသခံများကို ဘုန်းကြီး ကျောင်းဝင်းအတွင်းပိတ်ဆို့ထားပြီး စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ငါးသိုင်းချောင်းမြို့ နာရေးကူညီမှုအသင်းဖြစ်သည့် အာယုပါလရှိ လူနာတင်ယာဉ်များကို ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်ရန်အတွက် အဆင်သင့်ပြင်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
တိုက်ပွဲကြောင့် လေးမျက်နှာမြို့နယ်အတွင်းရှိ ဝတ်ကုန်း၊ လဲခုံကြီး၊ လဲခုံလေး၊ ရှားတောစု၊ စန်ကုန်း စသည့်ကျေးရွာများမှ ဒေသခံများအရေးပေါ်ပြောင်း ရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် သာပေါင်းမြို့နယ်ရှိ အမြောက်တပ် ၃၄၄ အနီးနှင့် သဲဖြူကျေးရွာ ကမွန်းချဥ်ကုန်းတို့တွင် စစ် ကောင်စီနှင့် AAပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများ ပေးလျက်ရှိကြောင်း သိရသည်။
ပုံစာ-ရခိုင်-ဧရာ၀တီအစပ်တွင်တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ
#ဧရာဝတီတိုင်း #လေးမျက်နှာမြို့ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #တပိသား #ဒဏ်ရာရ #သေဆုံး #Ayeyarwaddy_Times