ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

စစ်ကောင်စီအာဏာသိမ်းထားသည့်ကာလအတွင်းပို့ကုန်ပစ္စည်းလျော့ကျလာပြီး ကုန်သွယ်မှုပမာဏ လျော့နည်း လာသဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၆ – ၂၀၃၀ ပြည့်နှစ် ရေးဆွဲမည်ဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများတွင်ဖော်ပြထားသည်။

ယမန်နေ့ မတ် ၁၈ ရက်က နေပြည်တော်တွင်ကျင်းပသော အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီအစည်းအဝေးတွင် ယင်းကော်မတီဥက္ကဋ္ဌ စစ်ကောင်စီ ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိရေးဆွဲထားသော ၂၀၂၀ – ၂၀၂၅ အမျိုးသားပို့ကုန်မဟာဗျူဟာကာလပြီးစီးတော့မည်ဖြစ်၍ လက်ရှိအခြေအနေနှင့်ကိုက်ညီသောလုပ်ငန်းများဆက်လက်လုပ်ဆောင်ရန် ၂၀၂၆ – ၂၀၃၀ ပြည့်နှစ် အတွက် ရေးဆွဲရမည်ဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီး ဦးမောင်မောင်တင့်က ဆိုသည်။

စစ်ကောင်စီဝန်ကြီးက ထိုသို့ဆိုသော်လည်း ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဒသမ သုည ဘီလီယံ ရှိရန် သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၉၃ ဘီလီယံသာရရှိကြောင်း စစ်ကောင်စီထံမှ သိရသည်။

” ပို့ကုန်က ဘာမှမရှိဘူး။ ဆန်နဲ့ပဲရှိမယ်။ CMP ရှိမယ်။ နောက် ရေထွက်ကုန်တွေရှိမယ်။ အဲဒါပဲ။ ပို့ကုန်လုပ်တဲ့သူတွေကလည်း စစ်ကောင်စီနဲ့ပတ်သက်သူတွပဲ အများဆုံးလုပ်တာ။ ကျန်တာဘယ်သူမှ မလုပ်နိုင်ဘူး။ လုပ်ငန်းရှင်တွေရှိတာထိုင်စားနေကြတယ်” ဟု export/import ကိုယ်စားလှယ် အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန်အများဆုံးတင်ပို့ရာတွင် ဆန်/ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် ဝါဂွမ်းတို့ပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပို့ကုန်လျော့နည်းနေသဖြင့် ပို့ကုန်တိုးမြှင့်ထုတ်နိုင်ရန်စီးပွားရေးလုပ်ငန်းရှင်များ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းကဏ္ဍများသို့ ဝင်ရောက်သင့်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားလေ့ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ပို့ကုန်မဟာဗျူဟာအသစ်ရေးမည် #ပို့ကုန်လျော့ကျ #၂၀၂၆_၂၀၃၀ #Ayeyarwaddy_Times