
ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းများအတွက်ဟုဆိုကာ ငွေများကောက်ယူပြီး ဘိုကလေး မြို့နယ်မှူးကို လစဥ် ငွေပေးဆောင်နေရကြောင်း ဒေသခံများထံကသိရသည်။
အသက် ၁၈နှစ် မှ ၃၅နှစ်အတွင်းရှိသည့် လူငယ်တစ်ဦးလျှင် ကျပ်ငွေ ရှစ်သောင်းမှ ကျပ်ငွေ တစ်သိန်းခွဲအထိပေးဆောင်ရပြီး ပြည်သူ့စစ်မှုထမ်း အသက်မပြည့်မီသည့် လူငယ်များကို တစ်ဦးလျှင် ကျပ်ငွေ ငါးသောင်းဝန်းကျင်တောင်းယူကြောင်း ဒေသခံများကပြောသည်။
“ပြည်သူတွေစားဝတ်နေရေးကျပ်တည်းတဲ့ကြားက အငတ်ခံပြီး လစဥ်ကြေးပေးဆောင်နေရကြရတယ်။ ကျေးရွာအုပ်ကြီးတွေက ငွေတောင်း ၊ ပြီးရင် မြို့နယ်မှူးက်ိုပေးရတယ်။ အဆင့်ဆင့် ခွဲဝေပြီးစားနေကြတာ”ဟု ဘိုကလေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်သူ့စစ်မှုထမ်းအတွက် ငွေပေးဆောင်ရသည့် ကျေးရွာအုပ်စုများမှာ ဘိုကလေး အောက်ပိုင်းရှိ ဟေမန်အုပ်စု၊ သဇင်ကုန်းအုပ်စု၊ပတ္တမြားကုန်းကျေးရွာအုပ်စု၊ အောက်လှဲဆိပ်ကျေးရွာ
များဖြစ်ကြကြောင်း ဒေသခံများကပြောသည်။
ထိုသို့ ငွေများပေးဆောင်နေရသော်လည်း ပြည်သူ့စစ်မှုထမ်းများ လိုအပ်လာလျှင် ဘိုကလေးမြို့နယ်မှူးမှ ဒေသခံလူငယ်များကို အကြောင်းမဲ့အပြစ်ရှာဖမ်းဆီးပြီး ထည့်လေ့ရှိကြောင်း ဘိုကလေးမြို့ခံများကပြောသည်။
ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုနှင့် စစ်အုပ်စုများမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြပြီး ကြီးပွားချမ်းနေကြကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများပြောဆိုသည်။
#ဘိုကလေး #စစ်မှုထမ်းအတွက် #ငွေများကောက်ယူပြီး #မြို့နယ်မှူး#လစဥ်ပေးဆောင်နေရ #Ayeyarwaddy_Times