
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာနေရာ တည်မြဲရေးအတွက် ၎င်းတို့ကျူးလွန်လျက်ရှိသော နိုင်ငံတကာ စစ်ရာဇဝတ်မှုများကို ဖုံးကွယ်နိုင်ရန် ဗုဒ္ဓဘာသာဝင် သံဃာတော်များကို ဘွဲ့တံဆိပ်များ ဆပ်ကပ်၍ အသုံးချစည်းရုံးနေကြောင်း ဆရာတော်သံဃာတော် များထံမှ သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်နေသော်လည်း စစ်ခေါင်းဆောင်ကမူ ယခုရက်ပိုင်းအတွင်း ပြည်တွင်းပြည်ပရှိ သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့ကို ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ပေးအပ်ခဲ့သည်။
“သူ(စစ်ခေါင်းဆောင်)က ဗုဒ္ဓဘာသာလို့ဆိုပြီး ဘွဲ့တံဆိပ်တွေ ကပ်ပြီးတော့ ကြည်ညိုချင်ယောင် ပြနေပေမယ့်လည်း သူ့ဘာသာတရားကတော့ ငွေကြေးနဲ့ အာဏာ၊ နေရာပါပဲ” ဟု နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော်ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်သည်။
ထိုအတွက် ဘာသာရေးဆရာ၊ သံဃာတော်များအား ဘွဲ့တံဆိပ် ဆပ်ကပ်ခြင်း နှင့် ဗုံးကြဲတိုက်ခိုက် ခြင်းဆိုသည့် လာဘ်လာ ဘနှင့် အကြောက်တရားကို တစ်ပြိုင်နက်တည်းပြသ၍ အသုံးချနေသည်ကို အားလုံးအထူး သတိချပ်ရန် လိုအပ်ကြောင်း ဆရာတော် ဦးဝါယမမှ ဆက်လက်မိန့်ကြားသည်။
စစ်ခေါင်းဆောင်နှင့် လက်အောက်ခံ စစ်ဗိုလ်ချုပ်များသည် ဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ စသည့် ဘွဲ့တံဆိပ်များကို ပြီးခဲ့သည် မတ် ၁၃ ရက်က ဆပ်ကပ်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီသည် ယခု ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ၊ အဆောင်အယောင်များကို ပြည်တွင်းပြည်ပရှိ သံဃာတော် ၄၁၅ ပါး၊ သီလရှင်ဆရာကြီး ၃၆ ပါးနှင့် လူပုဂ္ဂိုလ် ၅၃ ဦးတို့အား ဆက်ကပ်ချီးမြှင့်ခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီက ထိုသို့ ဘွဲ့တံဆိပ်များ ဆပ်ကပ်ချီးမြှင့်နေမှုသည် ၎င်းတို့ မတရားသဖြင့် သံဃာတော်များ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စေတီပုထိုး ဘာသာရေး အဆောက်အအုံများ ဗုံးကြဲတိုက်ခိုက်တို့ကို ဖုံးကွယ်လို၍ ဟန်ပြသဘောဖြစ်ကြောင်း သံဃာတော်များက မိန့်ဆိုကြသည်။
အလားတူ စစ်ကောင်စီသည် ပြီးခဲ့သည့် မတ် ၁၆ ရက်ကလည်း ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော် ခြောက်ပါး အပါအဝင် ပြည်သူ ကိုး ဦး သေဆုံးသွားကြောင်း TNLA နှင့် ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ ၊ TNLA
#စစ်ခေါင်းဆောင် #အာဏာနေရာတည်မြဲရေး #ဘာသာရေး #ဗုံးကြဲတိုက်ခိုက်ခြင်း #လာဘ်လာဘ #အကြောက်တရား #တစ်ပြိုင်နက်အသုံးချ #Ayeyarwaddy_Times