ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) များက အတ္တအကျိုးစီးပွါးများကို ရှေ့တန်းတင်နေသဖြင့် ပဋိပက္ခ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေရကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မတ် ၁၉ ရက်တွင် ကျရောက်သော (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ဖြစ်ပေါ်လျက်ရှိတဲ့ ပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအမြင် မတူညီမှုတွေကို အခြေခံပြီး သီးခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေလို့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုသည်။

ထို့အပြင် စစ်ခေါင်းဆောင်က ၎င်းတို့ အဓမ္မ အာဏာသိမ်းမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးနေမှုများနှင့် ကျူးလွန်နေသည့် စစ်ရာဇဝတ်များကိုထိန်ချန်၍ နယ်မြေဒေသအသီးသီးတွင် EROs နှင့် PDF များ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အခြေခံ အဆောက် အအုံများ၊ ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်နေကြကြောင်း ဆိုထားသည်။

ထို့သို့ဖြစ်ရခြင်း၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသော ပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေသည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီမှစ၍ မွန်ပြည်နယ်ကို ခရိုင်လေးခုနှင့် မြို့နယ် ၁၀ မြို့နယ်တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း၌ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ယင်းအပြင် စစ်ရှုံးနေမှုနှင့် တပ်အင်အား ပြန်းတီးနေမှုများကို ပြန်လည်ဖြည့်တင်းနိုင်ရန် ပြည်သူ့စစ်မှုထမ်း၊ အရံတပ်ဖွဲ့ စသည့်ဥပဒေများ ပြဋ္ဌာန်း၍ တပ်သားစုဆောင်းမှုများကို အဓမ္မပြုလုပ်နေသလို နိုင်ငံတစ်ဝန်း၌လည်း ဝေဟင်မှနေ၍ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

#EROs #PDF #အတ္တအကျိုးစီးပွားရှေ့တန်းတင် #ပဋိပက္ခ #တိုက်ခိုက်မှုများ #စစ်ခေါင်းဆောင် #Ayeyarwaddy_Times