(ချင်း)ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်

မတ်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အဖြစ် အကျဥ်းကျနေသည့် အကျဥ်းသား ၇၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ ဆလိုင်းထက်နီထံက သိရှိရသည်။

ပြန်လွှတ်ပေးသူများသည် တိုက်ပွဲတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် ရဲတပ်ဖွဲ့ဝင် အများစုဖြစ်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် အကျဥ်းကျခံရသည့် CNA ရဲဘော်၊ အရပ်သားများလည်း ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့ အရင်ကတော့ အကျဥ်းသားတွေကို လွတ်ငြိမ်းပေးတာတွေမရှိပါဘူး။ ဒါပထမဆုံးအကြိမ်လို့ပဲ ပြောရပါတယ်။ CNF/CNA ဟာ နိုင်ငံတကာစစ်ဥပဒေနဲ့အညီ သွားနေတာဖြစ်တဲ့အတွက် နိုင်ငံတကာစစ်ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေတာဖြစ်တယ်” ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာရှစ်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် CNF ကို ၁၉၈၈ ခုနှစ် မတ်လ၂၀ရက်နေ့ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် CNFအနေဖြင့် ၂၀၂၅ ခုနှစ် နိုင်ငံရေး၊ စစ်ရေးနှင့် သံရေးတမန်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ပြည်သူလူထု ဆုံးရှုံးခဲ့သည့် လူမှုဘဝပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်များအနေဖြင့် ပံ့ပိုးကူညီပေးရန် CNF က တိုက်တွန်းထားသည်။

ချင်းပြည်အတွင်း စစ်ကောင်စီကင်စင်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာသက်ရောက်မှုမှန်သမျှ အဆုံးသတ်ရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆုံးတိုင်အောင် လက်တွက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း CNF က ပြောတိုထားသည်။

#၃၇နှစ်ပြည့် #ချင်းတော်လှန်ရေးနေ့ #စစ်သုံ့ပန်းများ #အကျဥ်းသား၇၂ဦး #CNFလွှတ်ပေး #Ayeyarwaddy_Times