
နိုင်း/ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အသီးသီးဟာ သူတို့တက်နိုင်တဲ့ အကြမ်းမဖက် ဆန္ဒ ဖော်ထုတ်တဲ့နည်းနဲ့ နွေဦးတော်လှန်ရေးကို ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ လူမျိုး၊ ဘာသာ၊ ကျား၊မ မရွေးကို အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ရှိတဲ့ အကျဉ်းထောင်ပေါင်း ၄၀ ကျော်မှာ ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ထောင်သွင်းအကျဉ်းချခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီလို မတရားအကျဉ်းချခြင်းကို ခံခဲ့ရတဲ့သူတွေထဲမှာ မမေ(အမည်လွှဲ) ဟာလည်း ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ နှစ်ရှည်ထောင်ဒဏ် ၂၀ နှစ်ကျော် ချမှတ်ခြင်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦး ဖြစ်ခဲ့ရပါတယ်။
မမေဟာ သူအကျဉ်းကျခံနေရတဲ့ အကျဉ်းထောင်တွင်း ဖိနှိပ်မှုတွေ၊ ဆေးဝါးမလုံ လောက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ စတဲ့ အကျဉ်းသူ တွေ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲ ဒုက္ခတွေအကြောင်းကို ရတဲ့နည်းလမ်းနဲ့ ဆက်သွယ်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာနကို ပြောပြခဲ့ပါတယ်။
#ဆေးကုသခွင့်
မမေတို့ အကျဉ်းထောင်မှာဆိုရင် ဘာရောဂါဖြစ်ဖြစ် ပါရာစီတမောသာ ပေးလေ့ရှိပြီး တစ်ခါတလေမှာ အဲ့ဒီ ပါရာစီတမော ကိုပင် လုံလောက်အောင် မပေးဘူးလို့ မမေရဲ့ စာထဲမှာ ပြောပြထားပါတယ်။
အကျဉ်းထောင် တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးလုံလောက်စွာပေးနိုင်ခြင်း မရှိတဲ့အပြင် ထောင်ဆရာဝန်တွေဟာလည်း လုံလောက်စွာ မရှိကြတဲ့အတွက် ဆေးဝါးကုသခွင့် လုံလောက်စွာမရလို့ သေဆုံးခဲ့ကြရတဲ့ နိုင်ငံရေး အကျဉ်းသူအကျဉ်းသား အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ၂၅ ဦး အထိရှိတယ်လို့ သိရပါတယ်။
#ရေမလုံလောက်မှု
အကျဉ်းထောင်ထဲမှာ ရေလုံလောက်စွာ ရရှိခြင်းမရှိတာဟာလည်း မမေတို့လို အမျိုးသမီးတွေအတွက် အဓိကရင်ဆိုင်နေရတဲ့ပြသနာကြီး တစ်ခုဖြစ်နေတယ်လို့ သိရတယ်။
ရေကို ခွက်နဲ့ ရေတွက်ကာ ချိုးနေရတဲ့အတွက် အကျဉ်းသူအမျိုးသမီးတွေဟာ ယားနာ ပေါက်တဲ့ အခြေအနေတွေကို ကြုံနေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ် ဘဝတူနိုင်ကျဉ်းဟောင်းတွကိုအကူညီ ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP) တာဝန်ခံ မဇူးဇူးမေယွန်း ကလည်း အခုလို ဧရာ၀တီတိုင်းမ် သတင်းဌာနကို ပြောပြခဲ့ပါတယ်။
“နွေရာသီရောက်လာတဲ့အခုလိုကာလတွေမှာရော မိုးတွင်းလိုကာလတွေမှာရော အကျဉ်းထောင်တွေ ထဲမှာ မသန့်ရှင်းတဲ့ရေကိုချိုးရတာမျိုး အကျဉ်းထောင်တွေထဲမှာ ဒိုက်ဦးထောင်လိုမျိုးဆို ကြေးနီရောင် အဆင့်ရှိတဲ့ရေကိုချိုးရတာမျိုးပေါ့နော် ထောင်တိုင်းထောင်တိုင်းမှာ ရေပြားရောဂါတွေစွဲကပ် လာတာမျိုးအထိကြုံလာနေရတယ်ပေါ့နော်” လို့ သူသိရှိထားတဲ့ အကျဉ်းထောင်ရဲ့အခြေအနေတွေကို မဇူးဇူးမေယွန်း က ပြောပါတယ်။
#ထောင်ဝင်စာနှင့်အစားအသောက်အခက်အခဲ
စစ်ကောင်စီက ထောင်ဝင်စာတွေကိုပါ ကန့်သတ်ထားတဲ့အတွက်လည်း မိသားစုက ထမင်း၊ ဟင်းတွေကို ပို့ချင်သလို ပို့ခွင့် မရှိတဲ့အတွက် စားရေး သောက်ရေးအခက်အခဲ တွေကို ကြုံနေရတယ်လို့ မမမေရဲ့ စာမှာ ဖော်ပြထား ပါတယ်။
“ဆန်ပြုတ်ကို ထမင်းအကျန်တွေနဲ့ ထည့်ပြုတ်လို့ သိုးစော်နံ နေတဲ့ ဆန်ပြုတ်တွေ စားရတာ ခဏ ခဏပဲ” လို့ မမမေက သူကြုံတွေနေရတဲ့ အကျဉ်းထောင် ရဲ့ အစားအသောက်အခြေအနေနဲ့ ပတ်သတ်ပြီး ပြောပြပါတယ်။
မိသားစုနဲ့အဆက်သွယ်ရပြီး ထောင်ဝင်စာပို့ခွင့် အနည်းငယ်ရနေသေးသူတွေမှာပင် ယခုလို အခြေအနေကို ကြုံတွေ့နေရတာဖြစ်ပြီး ထောင်တွင်းဆူပူမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ထောင်ပြောင်း ခံခဲ့ရရင်တော့ မိသားစုဝင်တွေနဲ့ အချိတ်ဆက်မရတော့ဘူးလို့ မဇူးဇူးမေယွန်းက ပြောပြပါတယ်။
အဲ့ဒီလို မိသားစုဝင်တွေနဲ့ အချိတ်ဆက်မရတော့တဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာလဲ အများအပြား ရှိနေသေးတယ်လို့ သူက ဆက်လက်ပြောပါတယ်။
#ထောင်တွင်းအကြမ်းဖက်မှုများ
ထောင်အာဏာပိုင်တွေဟာ အကျဉ်းသူ အမျိုးသမီးတွေ ပန်းပန်တာကိုပင်တောင် ကြောက်ခဲ့ကြပြီး စစ်ကောင်စီအပေါ် ရတဲ့နည်းနဲ့ တော်လှန်ကြလို့ ထောင်အာဏာပိုင်တွေက ထောင်ထဲက ပန်းပင်ကြီး တွေကိုပင် ခုတ်လှဲခဲ့ကြတယ်လို့ မမမေ က ပြောပြပါတယ်။
ထောင်အာဏာပိုင်တွေ မကြိုက်တဲ့အမှား လုပ်မိလိုက်ပါက ယောကျာ်းလေး တွေဆိုလျှင် အကြမ်းဖက် ရိုက်နှက်ခံရပြီး အချို့မှာ သေရာပါဒဏ်ရာတွေပါ ရကြောင်းလည်း မမမေ ဆီကနေ ကြားသိရတယ်။
“အနည်းဆုံး တော့လိပ်ပြာလုံပါတယ်။ အထဲရောက် နေပေမယ့် ကိုယ်ခံ နေရတာတွကို ဆိုးလှချည်ရဲ့လို့ မတွေးပါဘူး။ အသက်နဲ့ရင်း နေရတဲ့သူတွေထက် အများကြီးတော်ပါတယ်လို့အမြဲ တွေးဖြစ်တယ်” လို့ မမမေက သူရဲ့ခံယူချက်အကြောင်းကိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေဟာ အာဏာသိမ်း လေးနှစ်ကျော်၊ ငါးနှစ် ကာလထဲမှာ အကျဉ်းဦးစီး ဝန်ထမ်းတွေရဲ့ ရိုက်နှက်တာ၊ တိုက်ပိတ်တာမျိုးတွေကို ခံနေကြရပြီး ဆူပူမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အကြောင်းရှာ အပြစ်ပေး တိုက်ပိတ်ခံရပါက ရရှိထားတဲ့ဒဏ်ရာတွေကိုပါ ဆေးကုသခွင့် မပေးတဲ့အထိ အခွင့်အရေးချိုးဖောက်မှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။
နိုင်ငံတကာ အနေနဲ့လည်း မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေကို ထိရောက်တဲ့ ပံ့ပိုးမှုတွေကို ပေးနိုင်ခြင်းမရှိသေးပဲ ပြည်တွင်းက ပြည်သူတွေအားနဲ့သာ တက်နိုင်သမျှ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို အကူညီပေးနေရတာလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP) မှ မဇူးဇူးမေယွန်းက ဆိုပါတယ်။
လက်ရှိမှာ အကျဉ်းထောင် ၄၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ပေါင်း နှစ် သောင်း ကျော်ရှိနေပြီး ၎င်းတို့ထဲက ငါးထောင် ကျော်ဟာ အမျိုးသမီးတွေဖြစ်ကာ ကိုယ်ဝန်ဆောင် နဲ့ ကလေးမိခင် နိုင်ငံရေးအကျဉ်းသူပေါင်း ၁၂၁ ဦး ရှိကြောင်း WOPP ထံက သိရပါတယ်။
“အပြင်ကလူတွေလည်း ငါတို့နိုင်မှ အထဲကလူ တွေပြန်လာရမှာလို့ တွေးသလို အထဲကလူကလည်း အပြင်ကလူတွေကို အမြဲစိတ်ပူရင်း တိုက်ပွဲကြားအားလုံး အဆင်ပြေဖို့ ဆုတောင်းရတာပါ။ ဒီတော်လှန်ရေးမှာ လုပ်ချင်သလောက်မလုပ်ခဲ့ရပေမယ့် အတက်နိုင်ဆုံး လုပ်ဖြစ်ခဲ့တာမို့ လိပ်ပြာလုံ ရုံနဲ့တင် ကျေနပ်ပါတယ်။ လောကဓံတွေ ခါးစည်းခံရင်း အိမ်ပြန်ချိန်ကို စောင့်နေမယ်” လို့ အကျဉ်းထောင်ထဲက မတရားမှု အခြေအနေတွေကို ပြောပြရင်း မမေတစ်ယောက် သူရဲ့ စာကို အဆုံးသတ်ထားပါတယ်။
#အမျိုးသမီးကဏ္ဍ #အကျဉ်းထောင် #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေ သည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)