
(တမူး)၊ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် တောမီးလောင်ရာမှ နေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။
ယမန်နေ့ မတ်လ ၁၇ ရက်နေ့မနက်တွင် တမူးမြို့နယ်၊ မင်းသာကျေးရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် လှည်းဆိပ်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးပစ်ခတ်ရာမှတောမီးလောင်၍ ကျေးရွာနေအိမ်များသို့ မီးကူးစက်ခဲ့ခြင်းဖြစ်သည်။
“စစ်သားတွေ လက်နက်ကြီးကျည်ပစ်ခတ်ပြီးနောက် မနက် ၁၀ နာရီခွဲလောက်မှာ တောမီးတွေလောင်တယ်။ မီးငြိမ်းသတ်သူမရှိတော့ မီးက ရွာဘက်ထိ ကူးစက်လာတယ်။ မင်းသာရွာနဲ့ လှည်းဆိပ်ရွာက နေအိမ် ၂၀လုံးထက်မနည်လောင်သွားတယ်။ မီးက ညနေထိလောင်သေးတော့ ဒီထက်ပိုများလာနိုင်ပါတယ်” ဟု တမူးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မီးလောင်မူကြောင့် လှည်းဆိပ်ကျေးရွာမှ ကျောင်းဆရာ၊ဆရာမ နေအိမ် နှစ်လုံးအပါအဝင် လူနေအိမ် ၁၀ လုံးနှင့် မင်းသာကျေးရွာမှ လူနေအိမ် ခုနှစ်လုံး မီးလောင်ဖျက်ဆီးသွားပြီး ယမန်နေ့ညနေ့ထိ မီးငြိမ်သက်ခြင်းမရှိသည့်အတွက် မီးလောင်ပျက်စီးမှု ပိုများလာနိုင်သည်ဟု ၎င်းကဆိုသည်။
မင်းသာကျေးရွာနှင့် လှည်းဆိပ်ကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားပြီး မကြာခဏ တိုက်ပွဲဖြစ်ပွါးသည့်ကျေးရွာများဖြစ်ကာ ရွာသားများသည် ပြီးခဲ့သည့် ၂၀၂၄ နှစ်မှစ၍ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် ယခုကဲ့သို့ မီးငြိမ်သတ်မည့်သူမရှိခြင်းဖြစ်ကြောင်း သိရသည်။
“ရွာမှာလူမရှိတော့ မီးငြိမ်းမယ့်သူတွေမရှိဘူးလေ။ အဝေးကနေ မီးလောင်တာပဲ မြင်ရတယ်။ နောက်မှရွာထဲမှာတစ်ယောက်နှစ်ယောက်ကျန်ခဲ့သူတွေဆီက အဆက်သွယ်ရတော့မှ ဘယ်သူအိမ်တွေ လောင်တယ်။ ဘယ်နှစ်အိမ်လောက် လောင်တယ်။အဲလောက်ပဲသိရတယ်။ ရွာထဲမှာစစ်သားတွေရှိနေတော့ မီးငြိမ်းဖို့ မသွားရဲဘူး” ဟု တမူးမြို့နယ်၊ မင်းသာကျေးရွာမှဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လှည်းဆိပ်ကျေးရွာနှင့် မင်းသာကျေးရွာသည် စစ်ကောင်စီတပ်၏ မကြာခဏ မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာဖြစ်သည်။ ယခုနှစ် ၂၀၂၅ တွင် မင်းသာကျေးရွာသည် သုံးကြိမ်ထက်မနည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၅၀ ထက်မနည်း မီးလောင်ပြာကျထားကြောင်း သိရသည်။
#တမူးမြို့နယ် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #တောမီးလောင် #အိမ်၂၀ထက်မနည်း #မီးလောင်ပျက်စီး #Ayeyarwaddy_Times