ဖလမ်းမြို့တွင် စက်သုံးဆီတစ်ဂါလံလျှင် ကျပ် ၂၀၀၀၀ အထိပေးဝယ်နေရ၊ သြဂုတ်လ နှစ်ပတ်အတွင်း ဆန်စျေး ၁ သောင်းခွဲ ခုန်တက်

အေးစီ/ ဧရာဝတီတိုင်းမ်

(ဖလမ်း) ဩဂုတ်လ ၂၄ ရက်

ချင်းပြည်နယ် ဖလမ်းမြို့ တွင် အာဏာသိမ်း စစ်ကောင်စီလက်ထက် တစ်နေ့‌တစ်ခြား ဆန်စျေးမြင့်တက်လျက်ရှိရာ ဩဂုတ်လဆန်းပိုင်းတွင် ၁ အိတ် ၆၀၀၀၀ ဖြင့် ဝယ်ရသော ကနန်ဧရာမင်းကော်ချက်ဆန် အမျိုးအစားကို နှစ်ပတ်အတွင်း ဩဂုတ်လဝက်တွင် ၁ အိတ်လျှင် ၇၅၀၀၀ အထိ စျေးခုန်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကုန်တင်ပို့ရာတွင် အသုံးပြုသည့် စက်သုံးဆီများလည်း တစ်ဂါလံလျှင် ကျပ် ၂သောင်းအထိ စျေးတက်နေမှုကြောင့် ဆန်အပါအဝင် အခြေခံစားသုံးကုန်များမှာ ယခင်ပုံမှန်ရောင်းစျေးထက် အဆမတန် စျေးမြင့်နေကြောင်း သိရသည်။

“အဓိကတော့ စစ်အာဏာသိမ်းပြီး စက်သုံးဆီက အလွန်စျေးတက်လာတယ်။ ပြီးခဲ့တဲ့ပတ်လောက်ကနေ ဓာတ်ဆီ ၁ ဂါလံကို ၂ သောင်းဖြစ်ပြီဆိုတော့ တစ်လအတွင်းမှာတောင် ဆန်စျေးက လဆန်းနဲ့လဝတ်မှာ ၁သောင်းခွဲ လောက်ကွာတယ်။ အခြား စားသုံးဆီအပါဝင် အခြေခံစားသုံးကုန်စည်လည်း အဲလိုပါပဲ။ စျေးက ဘယ်လောက်တက်တက်

ဒီ့ထက်စျေး‌သက်သာတဲ့နေရာမရှိဘူးလေ။ တစ်နေ့လိုအပ်တာထက် တစ်ဝက်လောက် လျှော့ဝယ်တယ်”ဟု ဖလမ်းမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖလမ်းမြို့နယ်အတွင်း လက်ရှိဆန်စျေးမှာ ကျပ် ၇၅၀၀၀ အထိ ပေါက်စျေးရှိနေပြီး စက်သုံးဆီစျေးနှုန်းဆက်လက်မြင့်တက်လာမည်ဆိုပါက ဆန်အပါအဝင် အခြေခံစားသောက်ကုန်အများစု ထပ်မံစျေးတက်လာနိုင်သေးကြောင်း အခြေခံစားသောက်ကုန်ရောင်းချနေသူတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

#ဖလမ်း #သြဂုတ်လ #ဆန်စျေး #ခုန်တက်

#Ayeyarwaddy_Times