နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးထောင်ချခံရသော မြန်မာစစ်ဘေးဒုက္ခသည်များ ဆေးကုသခွင့် မရရှိသဖြင့် အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားပြီး ၎င်း၏ ရုပ်အလောင်းကို ခက်ခက်ခဲခဲ ပြန်လည်ရယူခဲ့ရကာ လက်ရှိတွင် ရောဂါသည် အများအပြား ကျန်ရှိနေသေးကြောင်း India for Myanmar ထံမှ သိရသည်။

ထိုအတွက် တရားမျှတမှု ရရှိရေးနှင့် မဏိပူရ်နှင့် အာသံပြည်နယ်၌ ဖမ်းဆီးထောင်ချခံနေရသော မြန်မာစစ်ဘေးဒုက္ခသည်များကို အမြန်လွှတ်ပေးရန် India for Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက ယနေ့ မတ် ၁၇ ရက်တွင် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ တောင်းဆိုခဲ့သည်။

“ဖမ်းဆီးခံရသူတွေ ယနေ့တိုင် ထောင်ထဲရှိနေပြီး သေဆုံးသူကလည်း ဒုတိယမြောက် ဖြစ်လာတယ်။ ရောဂါသည်တွေက များတဲ့အခါကျတော့ ကျန်ရှိသူတွေ ဆေးကုသမှု ပုံမှန်မခံယူဘူးဆိုရင် အသက်ဆုံးရှုံး နိုင်ချေရှိနေတယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိန္ဒိယနိုင်ငံသို့ စစ်ဘေးတိမ်းရှောင် မြန်မာပြည်သူများအား ဖမ်းဆီးထောင်ချနေသည့် လုပ်ရပ်များကို အိန္ဒိယအစိုးရက အမြန်ဆုံး ရပ်တန့်ပြီး ၎င်းတို့အား လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်သန်၊ နေထိုင်ခွင့်ပြုပါရန် နှင့် ဖမ်းဆီးထောင်ချထားသူများကို အမြန်ဆုံးလွှတ်ပေးရန်လည်း အရပ်ဘက် အဖွဲ့များက တောင်းဆိုထားသည်။

အဆိုပါ သေဆုံးသူမှာ မဏိပူရ်ပြည်နယ်၌ ထိန်းသိမ်းခံရသူ စစ်ကိုင်းဒေသခံ ဦးအောင်မြင့် အသက် (၅၇) နှစ်အရွယ်ရှိသူဖြစ်ပြီး ၎င်းသည် အဆုတ်ရေဝင် ရောဂါခံစားနေရသဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှ စတင်၍ အိန္ဒိယနိုင်ငံသို့ ဆေးကုသမှု ခံယူရန် ဝင်ရောက်လာကာ နှစ်စဉ်စုပ်ထုတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တတိယအကြိမ် ဆေးကုသမှုခံယူပြီး ဆေးရုံမှ အိမ်သို့အပြန် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ဖမ်းဆီးခံရကာ အဆုတ်မှရေများ စုပ်ထားသည့် ဒဏ်ရာဖြင့် အင်းဖားလ်ထောင်သို့ ပို့ဆောင်ခံရပြီး Foreigners Act ဖြင့် တရားစွဲဆိုခံခဲ့ရသောကြောင့် ၎င်းကျန်းမာရေး အခြေအနေအား အကြိမ်ကြိမ် တင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း ရှေ့နေငှားရမ်းခွင့်၊ ဆေးကုသခွင့် မပေးဘဲ အကိုက်အခဲ ပျောက်ဆေးသာ ပေးခဲ့ပြီး ဦးအောင်မြင့်၏ ကျန်းမာရေး ဆိုးရွားလာ၍ မခံစားနိုင်တော့မှ အပြင်ဆေးရုံသို့ ပို့ဆောင် ဆေးကုသခွင့်ပြု၊ လွှတ်ပေးခဲ့ကြောင်း India for Myanmar ထံမှ သိရသည်။

ယင်းနောက် ရက်ပိုင်းအတွင်း ယခုနှစ် မတ် ၁၀ ရက်၊ နံနက် ၆ နာရီခန့်တွင် ဦးအောင်မြင့် သေဆုံးခဲ့ပြီး အလောင်းအား မိသားစုဝင်များ လာယူခွင့်မရဘဲ အိန္ဒိယနိုင်ငံသားတစ်ဦး၏ အကူအညီဖြင့် ခက်ခဲစွာ ပြန်ရယူခဲ့ရသလို မဏိပူရ်နှင့် အာသံပြည်နယ်များ၌ မြန်မာစစ်ဘေး ကလေးငယ် ၅၂ ဦးအပါ ၁၄၇ ဦး အကျဉ်းချခံထားရကြောင်း သိရသည်။

ဦးအောင်မြင့်၏ သေဆုံးမှုသည် မဏိပူရ်ပြည်နယ်အတွင်း ဖမ်းဆီးထောင်ချခံ မြန်မာနိုင်ငံသား ဒုတိယမြောက် သေဆုံးမှုဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသည့်အပြင် ၎င်းနှင့်အတူ ဖမ်းဆီးထောင်ချခံသူများတွင် သက်ကြီးပိုင်း နာတာရှည် ရောဂါသည် ၁၂ ဦး ပါဝင်နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာစစ်ဘေးဒုက္ခသည်များ အနည်းဆုံး ၁၄၇ ဦး ထောင်တွင်း၌ ရှိနေပြီး ၎င်းတို့ထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ထောင်တွင်း၌ မွေးဖွားခဲ့သော ကလေးငယ်များ၊ ကျောင်းနေအရွယ် လူငယ်များစွာနှင့် အမျိုးသမီးများမှာ ၅၂ ဦးထက်မနည်း ပါဝင်ရှိနေကြောင်း India for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း အသက် ၃၂ နှစ်အရွယ်ရှိ Mr. Demkholun Guite သေဆုံးသွားခဲ့ပြီး ၎င်းတို့အတွက် တရားမျှတမှုရရန် တောင်းဆိုထားသလို အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်၍ အိမ်နီးချင်း မြန်မာ့အရေးကို အသေးစိတ် သိရှိနေသည်ဟု အရပ်ဘက်အဖွဲ့များက ထုတ်ပြန်ဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသော မြန်မာစစ်ဘေးဒုက္ခသည်များမှာ ၄ နှစ်ကျော်ကြာလာချိန်ထိ အကူအညီမဲ့နေပြီး ထိုအထဲမှ ၁၁၅ ဦးခန့်ကို မဏိပူရ်ပြည်နယ်အစိုးရမှ လုံခြုံရေးအာမခံချက်မရှိဘဲ စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်ခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#အိန္ဒိယ #ဖမ်းဆီးထောင်ချခံ #မြန်မာစစ်ဘေးဒုက္ခသည်များ #ဆေးကုသခွင့်မရ #အမျိုးသားတစ်ဦး #ထပ်မံသေဆုံး #Ayeyarwaddy_Times