
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ လူယုံတော်များဖြစ်သော ဗိုလ်ချုပ် ကျော်ရွှေထွန်းနှင့် ကိုယ်ရေးအရာရှိဟောင်း ဗိုလ်ချုပ် မိုးမြင့်ဆွေတို့ကို စစ်ဘက်ဆိုင်ရာ အမှုထမ်း ကောင်းခြင်း အတွက်ချီးမြှင့်သည့် ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ကာ မြှောက်စားခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ယခုရက်ရက်ပိုင်းအတွင်း စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့အပါအဝင် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်များကို နေပြည်တော်တွင် ပေးအပ်ရာ အဆိုပါနှစ်ဦးကိုပါ ထည့်သွင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ ယုံကြည်မှု ပိုမိုရရှိလာသော ထိုနှစ်ဦးအနက် ဗိုလ်ချုပ် ကျော်ရွှေထွန်းသည် လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရကြောင်း သိရသည်။
ထို့အပြင် ဗိုလ်ချုပ် မိုးမြင့်ဆွေသည်လည်း စစ်ခေါင်းဆောင်၏ နား၊ မျက်စိဟု တင်စားခံရအောင် ယုံကြည်မှုများ ရရှိခဲ့ပြီး ကိုယ်ရေးအရာရှိအဖြစ်မှ စစ်ဘက်လက်ထောက် ဖြစ်လာသူဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။
ယခုနှစ်၊ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)နှင့် မတ် ၂ ရက် (တောင်သူလယ်သမားနေ့)တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအဖြစ်ကြေညာ၍ အမိန့်ထုတ်ပြန်ခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့သူများကို စစ်ခေါင်းဆောင်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တကယ်က လွတ်လပ်ရေးရွှေရတု ၇၅ နှစ်ပြည့်က ပေးရမှာ ချန်ခဲ့တယ်။ မပေးလိုက်ဘူး၊ ခုမှပေးတယ်။ ထင်သလိုလုပ်၊ ဆုပေးနေတာမျိုးပါ။ သိပ်တော့ ထူးခြားအဓိပ္ပါယ်မရှိပါဘူး” ဟု မြန်မာ့အရေး အကဲခတ် သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ စစ်ခေါင်းဆောင် ပေးအပ်လာသော ဂုဏ်ထူးဆောင်ဘွဲ့များမှာ စည်သူဘွဲ့ ၁၃ ဦး၊ သူရဘွဲ့ သုံး ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၄ ဦး၊ အလင်္ကာကျော်စွာဘွဲ့ တစ် ဦးနှင့် သိပ္ပကျော်စွာဘွဲ့ နှစ် ဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိသူများမှာ စစ်ခေါင်းဆောင်၏ လူယုံတော်များ၊ အားကိုးအားထား ပြုရသူများအပြင် စစ်ဘက်ဆိုင်ရာများနှင့် ယခင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တာဝန်ပေးအပ်ခံရသော လူပုဂ္ဂိုလ်များဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်ကမူ ယင်းပေးအပ်မှုကို ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်ပြီး အမှန်တကယ်ဂုဏ်ပြု ချီးမြှင့်ထိုက်သူများကိုသာ ထိုက်ထိုက်တန်တန် ပေးအပ်ခြင်းဖြစ်၍ ဂုဏ်ယူဝမ်းမြောက်ရကြောင်း ပြောဆိုထားသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မတ် ၁၃ ရက်ကလည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရပြီး နောက် ပြန်လွှတ်လာသည့် ၎င်းတို့တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များကို စိတ်ဓာတ်မြှင့်တင်သည့်အနေဖြင့် လာမည့်တပ်မတော်နေ့ မတိုင်ခင် ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့သည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ခေါင်းဆောင် #လူယုံတော် #ဗိုလ်ချုပ်ကျော်ရွှေထွန်း #ကိုယ်ရေးအရာရှိဟောင်း #ဗိုလ်ချုပ်မိုးမြင့်ဆွေ #ဇေယျကျော်ထင်ဘွဲ့ #မြှောက်စား #Ayeyarwaddy_Times