(တီးတိန်)၊ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့၊ Leitawhtan ရပ်ကွက်တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် တစ်လုံး ကျပေါက်ကွဲ၍ အရပ်သား နှစ်ဦး ဒဏ်ရာရရှိပြီးနေအိမ်နှစ်လုံး ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

မတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၆၉ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် Leitawhtan ရပ်ကွက်ထဲတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“တမင်ပစ်ခတ်တာလား။ မတော်တဆ ပေါက်ကွဲတာလား မသိဘူး။ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည် တစ်လုံးကျပေါက်ကွဲတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ စိုးရိမ်စရာတော့ မရှိဘူး။ လူနေအိမ်နှစ်လုံးက ပျက်စီးသွားတယ်” ဟု တီးတိန်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တီးတိန်မြို့သည် ချင်းပြည်နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့နယ်လေးမြို့နယ်အနက် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေဆဲမြို့လည်းဖြစ်သည်။

ထို့အပြင် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသေးသည့် မြိုနယ်လည်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် တီးတိန်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အပြိုင်အဆိုင် ဆောင်ရွက်ကြသော်လည်း လက်ရှိအချိန်ထိ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းမရှိသေးဘဲ ပုံမှန်အခြေအနေမျိုးတွင် ရှိနေသေးသည်။

မတ် ၁၆ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ဟားခါး-ဖလမ်း ကားလမ်းမပေါ်တွင်ရှိသည့် တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ် ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘုရားကျောင်းအပါဝင် နေအိမ်ခြောက်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

#တီးတိန်မြို့ #လက်နက်ကြီးကျည် #ပေါက်ကွဲ #အရပ်သား၂ဦး #ဒဏ်ရာရ #နေအိမ်အချို့ပျက်စီး
#Ayeyarwaddy_Times