ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ဧရာဝတီတိုင်းတွင် လက်ရှိပညာသင်နှစ်၂၀၂၄ -၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေကျင်းပရာတွင် စာစစ်ဌာနအများဆုံးဖွင့်လှစ်၍ စာမေးပွဲဝင်ရောက်ဖြေဆိုသူ သုံးသောင်း ကျော်ရှိကြောင်း စစ်ကောင်စီ၏ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် စာစစ်ဌာန ၂၄၅ ခုဖွင့်လှစ်ထားပြီး ဖြေဆိုသူ ၃၂၂၄၁ ဦး၊ ရန်ကုန်တိုင်းတွင် စာစစ်ဌာန ၉၁ ခုရှိပြီး ဖြေဆိုသူ ၃၇၆၈ ဦး၊ မန္တလေးတိုင်းတွင် စာစစ်ဌာန ၈၉ ခုရှိပြီး ဖြေဆိုသူ ၃၄၃၈၃ ဦး ၊ ရှမ်း(တောင်)တွင် စာစစ်ဌာန ၆၆ ခုရှိပြီး ဖြေဆိုသူ ၁၂၄၀၇ ဦးနှင့် မကွေးတိုင်း စာစစ်ဌာန ၄၉ ခုရှိပြီး ဖြေဆိုသူ ၁၇၈၆၂ ဦးရှိကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီး ဌာနထံမှ သိရသည်။

” စာစစ်ဌာနအများဆုံးဆိုပေမယ့် စစ်ဘေးကြောင့် အခြေခံပညာကျောင်းတွေပိတ်ထားရလို့ စာမေးပွဲမဖြေရတဲ့ ကလေးတွေရှိတယ်” ဟု ဧရာဝတီတိုင်းရှိ‌ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသူ ၂၂၀,၈၄၃ ဦးရှိပြီး ယမန်နေ့ မတ် ၁၇ ရက်က မြန်မာစာနေ့ဖြေဆိုသူ ၂၀၈,၈၈၉ ဦး ရှိသည်ဟု စစ်ကောင်စီ၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၄ -၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတွင်ဖြေဆိုသူ နှစ်သိန်းနီးပါးရှိပြီး ယခင်နှစ်ထက် ဖြေဆိုသူ ရှစ်သောင်းကျော်တိုးလာကြောင်း စစ်ကောင်စီက ဆိုထားသည်။

စစ်ကောင်စီက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ရှစ်သောင်းကျော်တိုးလာသည်ဟု ဆိုထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် ကရင်နီ(ကယား)ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း(မြောက်) နှင့် ရခိုင်ပြည်နယ်တို့တွင် စာစစ်ဌာန ၁ ခုမှ ၈ ခုအတွင်းသာရှိကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်း၌ တော်လှန်ရေးတပ်များ စိုးမိုးထားနိုင်သည့် မြို့နယ်ပေါင်း ၁၄၄ ခုရှိပြီး မြို့နယ် ၄၈ ခုကို အပြီးသတ်သိမ်းပိုက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ် ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲကို မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ဘောဂဗေဒတို့ကို ၁ ရက် တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပိတ်ရက်မရှိဖြေဆိုရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် စာစစ်ဌာနပေါင်း ၇၉၄ ခုဖွင့်လှစ်ပြီး ဖြေဆိုသူ ၁၂၈,၈၀၁ ဦးရှိကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို #ဧရာဝတီတိုင်း #စာစစ်ဌာနအများဆုံး #ဖြေဆိုသူတိုး #Ayeyarwaddy_Times