ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း အဖိုးတန်သစ်များကို သစ်တော၊ ရဲအရာရှိများနှင့် ဒေသသစ်မှောင်ခိုများ ပူးပေါင်း၍ နေ့စဥ် ခိုးထုတ်ရောင်းချနေကြောင်း ဒေသခံများထံက သိရသည်။

ကွင်းကောက်၊ ကျောင်းကွင်းအုပ်စု၊ တိုင်တရာကျေးရွာ၊ တိုင်တရာချောင်း၊ မကျီးပင်ကွင်းချောင်း အတွင်းရှိ သစ်များကို ကားများဖြင့်သယ်ဆောင်၍ သစ်ခွဲစက်များသို့ပို့ဆောင်ကာ ခိုးထုတ် ရောင်းချနေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တိုင်တရာကျေးရွာရှိ ဦးတိုး၊ ဒေါ်မာမာ၊ မိုးဇော်ဦး၊ အေးသာယာမှ ဦးကျော်သူလှိုင်နှင့် ရေးရွာအုပ်ချုပ် ရေးမှူး၏သားဖြစ်သူ ဦးထွန်းထွန်းတို့က သစ်တောကိုငွေပေး၍ ပူးပေါင်းကာ သစ်များခိုးထုတ် ရောင်းချ နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“သက်ဆိုင်ရာလူကြီးတွေလဲ ဘာမှမပြောဘဲထားကြတယ်။ ခုတ်ချင်သလိုခုတ်ပြီး အဖိုးတန်သစ်တွေက်ို ခိုးထုတ်ရောင်းချနေကြတာ။ မတ်လ ၉ ရက်နေ့က သစ်ကွက်သွားတဲ့ လမ်းတွေကို ဖြတ်ထားတယ်။ ဒါပေမယ့် မတ်လ ၁၂ ရက်နေ့မှာ ဘက်ဟိုး ခြောက်စီးနဲ့ ပြန်ဖို့ပြီး ပေါ်ပေါ်တင်တင် ခိုးထုတ် နေကြတယ်”ဟု ကျောင်းကွင်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ခွဲစိတ်ရောင်းချနေသည့် အမျိုးအစားများတွင် အဖိုးတန်သစ်များဖြစ်သည့် ကျွန်း၊ ပျဥ်းကတိုးသစ်များ အများစုပါဝင်ပြီး တစ်နေ့လျှင် ငါးအစီးရေ ၂၅ စီးဝန်းကျင်အထိ ခိုးထုတ်နေခြင်းဖြစ်ကာ သစ်များကို မကျည်းပင်ကွင်း၊ ခုံကြီး၊ ညောင်ပင်သာ၊ တလိုင်ခုံကျေးရွာများရှိ သစ်စက်များသို့ နေရောညပါ ပို့ဆောင်၍ ခွဲစိတ်ရောင်းချနေကြောင်း ဒေသခံမျာက ဆိုသည်။

ထိုသို့ တရားမဝင်သစ်များကို နေ့စဥ်ခိုးထုတ်ရောင်းချနေသော်လည် စစ်ကောင်စီလက်အောက်ခံ ဒေသအာဏာပိုင်းများက မျက်ကွယ်ပြုထားပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက အင်္ဂပူမြို့နယ်ရှိ ကျွန်းစိုက်ခင်းများနှင့် သစ်တောကြိုးဝိုင်းအတွင်းမှ သစ်များကို စစ်ကောင်စီနှင့်ပူးပေါင်း၍ ခိုးထုတ် နေသည့် သစ်မှောင်ခိုကား နှင့် ဆိုင်ကယ်တိမ်းမှောက်၍ ‌လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကျွန်းစိုက် ခင်းများအပြင် သစ်တောကြိုးဝိုင်းများရှိသစ်များကို စစ်ကောင်စီတပ်၊ သစ်တော၊ အုပ်ချုပ်ရေးမှူး၊ ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် သစ်မှောင်ခိုများပူးပေါင်းကာ တွင်တွင်ကျယ်ကျယ် သစ်ခိုးထုတ်ယူမှုများပိုမိုပြုလုပ်လာကြောင်း စုံစမ်းသိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-၂၀၂၄ ခုနှစ်က အင်္ဂပူမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းရှိ ကျွန်းသစ်များကို ခုတ်လှဲထားစဥ်(ပုံဟောင်း)
#အင်္ဂပူမြို့ #သစ်တောကြိုးဝိုင်း #အဖိုးတန်သစ် #သစ်တော #ရဲအရာရှိများ #ပူးပေါင်း #ခိုးထုတ်ရောင်းချနေ #Ayeyarwaddy_Times