
ဧရာဝတီတိုင်းမ်
မတ် ၁၇ရက်
တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည့် အင်းတော်မြို့ကို စစ်ကူပေးရန် ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်း ဖရိုဖရဲဖြစ်ပြီး တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း သိရသည်။
ကသာမြို့နယ်၊ ပင်းမလွတ်ရွာအနီးတွင် ပြီးခဲ့သည့် မတ် ၁၅ရက်နေ့ နံနက် ၃နာရီ တွင် ကသာ ခမရ ၃၀၉တပ်ရင်းမှ အင်အား ၁၅၀ဖြင့်ထွက်လာသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်စဉ် ကစဉ့်ကလျားထွက်ပြေးကြရာမှ တပ်ဖွဲ့ဝင် ၃၀ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။
အင်အား ၁၅၀ ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်း သုံးကြောင်းခွဲပြီး အင်းတော်မြို့ဘက်သို့ စစ်ကူပေးရန်ထွက်လာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ၏ ကသာ ခမရ ၃၀၉ တပ်ရင်းမှနေ၍ လက်နက်ကြီးပစ်ကူများပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှု များပြားပြီး ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။
“ပင်းမလွတ်လမ်းခွကနေ ကြားဖြတ်တိုက်တာမှာ အကုန်ထွက်ပြေးကြတော့ KIA ဘက်ကလည်း ဖမ်းမိသွားတာရှိတယ်။ ဒေသကာကွယ်ရေးတပ်တွေက ပိတ်ဖမ်းလိုက်တာလည်းရှိတယ်။ အင်းတော်ကို တော့ ဆက်တက်နိုင်ဖို့မရှိဘူး” ဟု ကသာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အင်းတော်တွင် ပြီးခဲ့သည့် မတ် ၆ရက်နေ့ကတည်းက စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
အင်းတော်ရှိ ဂျပန်လှိုဏ်ဂူကုန်းနှင့် မြို့မဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်များ ကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။
#ကသာ #အင်းတော် #စစ်ကောင်စီတပ် #စစ်ကူစစ်ကြောင်း #တိုက်ခိုက်ခံရ #ကစဉ့်ကလျားထွက်ပြေး #Ayeyarwaddy_Times