ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ မြောက်စမ်း အမြောက်တပ် ၃၄၄ ကို ခံစစ်အခိုင် အမာပြင်ဆင်နေပြီး စစ်ကူများပါ ပို့‌ဆောင်နေကြောင်း သိရသည်။

ထိုးစစ်မှာ အမြောက်တပ်အနီးထိ ရောက်လာတော့မည်ဖြစ်သည့်အတွက် မြေတူးစက်များဖြင့်ပါ အရေးပေါ်တူး ဖော်နေရပြီး မိဿလင်၊ ဒရယ်ခုန်၊ ရေသိုး၊ ဆင်သေ၊ သီတာကုန်းပြင်စသည့် ကျေးရွာ များမှ ဒေသခံများကို လုပ်အားပေးရန် အတင်းအဓမ္မခေါ်ဆောင်ထားကြောင်း ဒေသခံများထံက သိရသည်။

“အမြောက်တပ်ရဲ့ ဘန်ကာတွေ ခြံစည်းရိုးအုတ်တံတိုင်းခတ်တာတွေ အမြန်ပြီးဖို့လိုတယ်ဆိုပြီး အနီး နားရွာက အမျိုးသားတွေကို လုပ်အားပေးခေါ်ခိုင်းနေတာ။ စစ်ယာဉ်တန်းတွေလည်း အင်အားအပြည့်နဲ့ နေ့တိုင်းအဝင်အထွက်ရှိနေတယ်”ဟု ငါးသိုင်းချောင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမြောက်တပ်အတွင်း ကွန်ကရစ်ဘန်ကာဆောက် လုပ်ခြင်း၊ ခြံစည်ရိုးအုတ်တံတိုင်းကာရံခြင်းများကို အလျင်အမြန်ဆောင်ရွက်နေကြပြီး ငါးသိုင်းချောင်း- ဂွလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၁ မိုင် ၄ ဖာလုံ၊ သီဟိုကင်းအစပ်တွင်ရှိသည့် စစ်တပ်ထောက်ခံသူတစ်ဦး၏ နေအိမ်ခြံဝင်းအတွင်းတွင် လက်နက်ကြီး စခန်းတစ်ခု ဆောက်လုပ်တပ်စွဲထားပြီး စာဥစမ်းနှင့် ကျောက်တိုင်ဗွေကျေးရွာများဘက်သို့ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ကျုံပျော်အခြေစိုက် ခလရ ၃၆ အတွင်းရှိ ကိုယ်ပိုင်ကျောင်းမှ ကျောင်းကားများ ကိုသုံးပြီး အမတ ၃၄၄ နှင့် ညောင်အိုင်၊ ချင်းလယ်၊ စက်စက်ယိုကျေးရွာများသို့ စစ်ကူများ ပို့ဆောင်ထားကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် ယနေ့ မတ် ၁၇ ရက်နေ့တွင် ခလရ ၃၉ မှနေ၍ စစ်ယာဉ်တန်း ရှစ် စီးဖြင့် အမြောက်တပ်အတွင်း စစ်ကူပို့ ထားကြောင်း ဗိုလ်ကြီးဇင်ယော်က ဆိုထားသည်။

ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ စက်စက်ယိုကျေးရွာဝန်းကျင်တွင် ယနေ့ မတ် ၁၇ ရက် နံနက် ၁ နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျ ဆုံးမှုရှိကြောင်း သိရသည်။

အမြောက်တပ် ၃၄၄ နှင့် ကွင်းကောက်ကြားရှိ ချင်းလယ်ရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲပြီး ဒေသခံရွာသားများ၏ လက်ကိုင်ဖုန်းများကိုပါ သိမ်းဆည်းကာ စေတီတစ်ထောင်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဒေသခံများကိုထည့်၍ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

#ဧရာဝတီတိုင်း #ရေကြည် #ငါးသိုင်းချောင်း #အရေးပေါ် #မြေတူးစက် #ခံစစ်ပြင်ဆင် #Ayeyarwaddy_Times